ရွှေကူမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရွှေကူ အောက်တိုဘာ ၈

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ကျေးရွာများရှိ ပြည်သူများအားရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ရွှေကူမြို့နယ်အတွင်းရှိ ပန်းတင်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၂၅၁)စု၊ စင်းဖုတ်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၁၄၁)စုနှင့် မံဝိန်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၂၅) စုတို့အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၃၄၀၀၀၀)ကျပ်အား ကျေးရွာများအရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Visitors: 37,778