ဆင်ဘိုဒေသရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများနှင့် မြစ်ရေကြီးမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူများ၊ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ဆင်ဘို အောက်တိုဘာ ၃

ဆင်ဘိုဒေသရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် မြစ်ရေကြီးမှု ကြောင့် ခေတ္တရွှေ့ပြောင်းနေထိုင်သူများ၊ သက်ကြီးဘိုးဘွားများအား ထောက်ပံငွေများ ပေးအပ်ခြင်းကို အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဆင်ဘိုဒေသ ရှိ ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၅၈၇)စုတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၇၄၀၀၀၀)ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆင်ဘိုဒေသရှိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် နေအိမ်မှ ယာယီ ကယ်ဆယ်ရေးစခန်းသို့ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ရေဘေးသင့်အိမ်ထောင်စု (၃၈)စု၊ လူဦးရေ (၁၇၂)ဦးတို့အတွက် ဆန်ရိက္ခာဘိုးငွေ တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၁၂၀၀ ကိုလည်းကောင်း၊ ဆင်ဘိုဒေသတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ အသက် (၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်အထက် ဘိုးဘွား (၂၆)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ ကျပ်စုစုပေါင်း (၇၈၀၀၀၀)ကိုလည်းကောင်း၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁)ဦးတို့ အတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၃၀၀၀၀)ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Visitors: 37,779