ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွင်းအတွင်း ရေဝပ်ရေအိုင်ဖြစ်ပေါ်နေသည့် နေရာများနှင့် ရပ်ကွက်တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်း မိုးရွာသွန်းမှုကြောင့် ရေဝပ်ရေအိုင်မှု ဖြစ်ပေါ်နေသည့် နေရာများတွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့ပေါ် ရပ်ကွက်လမ်း များ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ယနေ့ နံနက် ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စီတာပူ ရပ်ကွက်၊ ကျို့ရွမ်းနယ်မြေနှင့် တက္ကသိုလ်လမ်းဘေးရှိ ရပ်ကွက်တွင်းလမ်းများနှင့် လူနေအိမ်များအတွင်း ရေဝပ်ရေအိုင်မှုဖြစ်ပေါ်လျက်ရှိသော အခြေအနေနှင့် လမ်းဘေးဝဲ/ယာရေနှုတ်မြောင်းများအတွင်း ရေစီး ဆင်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြောင်းရှင်းလင်းရေး၊ အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပင်မမြောင်းများနှင့်ဆက်သွယ်စီးဆင်းနိုင်ရေး ရပ်မိ ရပ်ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါရပ်ကွက်အတွင်း ဆိမ်ဆာ့လမ်းနှင့် တက္ကသိုလ်လမ်းထောင့်ရှိ မြေနေရာနှင့် စီတာပူဈေးမြေနေရာများတွင် ရပ်ကွက်ပိုင် မြေယာကိစ္စများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းစုတောင်ရပ်ကွက်အတွင်း စည်ပင်သာယာရေးအဖွဲ့ မှတာဝန်ယူဆောင်ရွက်လျက်ရှိသည့် စက်မှုကျောင်းလမ်းအရှည် (၈၈၀)ပေလမ်းအား အကျယ် ၃၂ ပေ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေနှင့် ရှမ်းစုတောင်နှင့် ရှမ်းစုမြောက် ရပ်ကွက်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ဆောင် ရွက်နေသော ရပ်ကွက်တွင်းလမ်းများနှင့် ရေကေျာ်ကွန်ကရစ်တံတားများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းများအဆင့်မြှင့် တင်ဆောင်ရွက်ရာတွင် ဘေးဝဲ/ယာရေနှုတ်မြောင်းများပါဝင်ဆောင်ရွက်သွားရေး မှာကြားခဲ့သည်။

Visitors: 36,422