ဗန်းမော်၊ ရွှေကူ၊ မန်စီမြို့နယ်များအတွင်းရှိ ကျေးရွာနေပြည်သူများ လျှပ်စစ်မီးရရှိနိုင်မည့် ၆၆/၃၃ ကေဗွီ(၁ဝ)အမ်ဗွီအေ စင်ခန်းဓာတ်အားခွဲရုံသစ်ဖွင့်လှစ်

ဗန်းမော် ဩဂုတ် ၁၄

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၆၆/၃၃ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် ၆၆/၁၁ ကေဗွီ(၁ဝ)အမ်ဗွီအေ စင်းခန်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၄ ရက် နံနက် ၁ဝ နာရီက ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ၌ ဖွင့်ပွဲကျင်းပခဲ့ရာ ဗန်းမော်၊ မန်စီနှင့် ရွှေကူမြို့နယ်တို့မှ ကျေးရွာစုစုပေါင်း(၅၁)ရွာ၏ ကျေးရွာနေပြည်သူများအတွက် လျှပ်စစ်မီးရရှိကြောင်း သိရသည်။

ရှေးဦးစွာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွန့်၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝေလင်းနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်က နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အားယူနေသည့် ယနေ့အချိန် တွင် လျှပ်စစ်လိုအပ်ချက်မှာ မဖြစ်မနေဖြည့်ဆည်းပေးရမည့် ကဏ္ဍဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များနှင့်တကွ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖော်ဆောင်ပေးနိုင် မည်ဖြစ်သဖြင့် လျှပ်စစ်ကဏ္ဍသည် အဓိကအရေးပါလှပါကြောင်း အဖွင့်အမှာစကားပြောကြား သည်။

ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွန့်က ဓာတ်အားခွဲရုံတည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများတို့က ဓာတ်အားခွဲရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံရှိ မီးခလုတ်နှိပ်၍ ဓာတ်အားစတင်ပို့လွှတ်ခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ၆၆/၃၃ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံကို AGE ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပြီး ၆၆/၁၁ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံကို APQ ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ကြကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ဖြင့် စင်းခန်းကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗွီ ဓာတ်အားလိုင်း(၀ ဒသမ ၆)မိုင်ကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်(၅၃)သန်းနှင့် ၆၆/၃၃ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်(၁၀၇၀)သန်းဖြင့် လည်းကောင်း၊ ၆၆/၁၁ ကေဗွီ(၁ဝ) အမ်ဗွီအေ ဓာတ်အားခွဲရုံကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်(၇၄၈ ဒသမ ၆၇၇)သန်း အကုန်ကျခံ တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ စင်းခန်းကျေးရွာအပါအဝင် ဗန်းမော်မြို့နယ်အတွင်း၌ ကျေးရွာ(၂၁)ရွာ၊ ရွှေကူမြို့နယ်အတွင်း၌ ကျေးရွာ(၈)ရွာနှင့် မန်စီမြို့နယ်အတွင်း၌ ကျေးရွာ(၂၂)ရွာ စုစုပေါင်း ကျေးရွာ(၅၁)ရွာတို့မှ အိမ်ထောင်စုပေါင်း(၈၀၇၃)စု မီးလင်းမည်ဖြစ်ပြီး ကျေးရွာပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း သိရသည်။

ကိန်းဖြူ

Visitors: 36,422