မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူ (၅)ဦး၏ စိုက်ပျိုးမြေဧက (၇၉)ဧကတို့အတွက် စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်း (GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်

မြစ်ကြီးနား သြဂုတ် ၁၁

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် အတွင်းရှိ တောင်သူ (၅)ဦးတို့၏ သရက်၊ နဂါးမောက်၊ ကန်ဇွန်းဥ သီးနှံစိုက်ဧက စုစုပေါင်း (၇၉)ဧကအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)အသိအမှတ်ပြုလက်မှတ်များ ကို သြဂုတ် ၁၀ ရက် နံနက် (၉)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းလက်မှတ်များ ပေးအပ်ရာတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက လယ်ယာထွက်ကုန်များ အရည်အသွေးကောင်းမွန်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လာပြီး စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် လယ်ယာထွက်ကုန်များရရှိရေး၊ နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်နိုင်ဖို့အတွက် GAP စနစ်သည် မဖြစ်မနေ ဆောင်ရွက်ရမည့် နည်းစနစ် တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) အသိအမှတ်ပြုလက်မှတ်များကို ပြည်နယ်ဝန်ကြီးက သရက်သီးနှံအတွက် တောင်သူ ဦးဘရန်မွန်းနှင့် ဦးဝင်းထွန်းညိုတို့အား လည်း ကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်မြင့်က နဂါးမောက်သီးနှံအတွက် ဒေါ်မိမိမေနှင့် ဒေါ်ဖြူဖြူခိုင်တို့အား လည်းကောင်း၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝင်းက ကွန်စွန်းဥ သီးနှံအတွက် ဦးဖြူစိုးတို့အား လည်းကောင်း (GAP) အသိအမှတ်ပြုလက်မှတ်များကို အသီးသီးပေး အပ်ခဲ့ကြသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) အသိအမှတ်ပြုလက်မှတ်များကို သရက် သီးနှံ (၂၆)ဧက၊ ကန်ဇွန်းဥ (၃)ဧက၊ နဂါးမောက် (၅၀)ဧကတို့အတွက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ပြည်နယ်ဝန်ကြီးသည် နဂါးမောက်သီးနှံစိုက်ပျိုးသည့် ဒေါ်မိမိမေ၏ မိုင်းနားစိုက်ပျိုးရေး ခြံ၌ နဂါးမောက်သီးနှံပင်များ စိုက်ပျိုးထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် ဝန်ကြီးက သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် စနစ်တကျသော သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေးအတွက် လိုအပ်သည်နည်းပညာများနှင့် ပတ်သက်၍ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိ ရသည်။

Visitors: 36,422