ပြည်နယ်ဘဏ္ဍရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ဝိုင်းမော်မြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးသစ်ဖွင့်ပွဲ နှင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲကျင်းပ

ဝိုင်းမော် ဩဂုတ် ၆

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ငါးလုပ်ငန်းဦးစီးဌာနရုံးသစ်ဖွင့်ပွဲနှင့် အခြေခံ ငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ဩဂုတ် (၅) ရက် နံနက် (၉)နာရီတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ အဆိုပါငါးလုပ်ငန်းစခန်းရုံး၌ ကျင်းပခဲ့သည်။

ရုံးသစ်အဆောက်အဦကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွှန့်၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်စော၊ ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးက ရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ ဝန်ကြီးနှင့် တာဝန် ရှိသူများက ရုံးသစ်ကဗ္ဗည်းအား အမွှေးနံသာရေများ ပက်ဖြန်းပေးပြီး Covid 19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် ပြည်နယ်ဝန်ကြီးမှ ငါးမွေးမြူရေး တောင်သူများအား ငါးသားပေါက် ကောင်ရေ( ၃၉၉၉၈၀)ကောင် ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ရုံးသစ်သင်တန်းခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီး ဦးဝင်းညွှန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကချင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်စောမှ အဆောက်အအုံသစ်ဆောက်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ ရုံးသစ်အဆောက်အအုံသစ်သည် အလျား(၆၀)ပေ၊ အနံ(၃၀)ပေရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉၀)အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ Covid 19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် ယခုလိုသင်တန်းဖွင့်လှစ် ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ငါးမွေးမြူရေး အကြောင်း သိကောင်းစရာများ၊ ငါးဆေးထိုး သားဖောက်နည်းနှင့် သဘာဝနည်းဖြင့် သားဖောက်ခြင်း ဘာသာရပ်၊ ငါးများသားပေါက်နေမှုအား လေ့လာခြင်း ဘာသာရပ်များအား စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းကို ဩဂုတ် (၅) ရက်မှ (၇) ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပေးသွားမည် ဖြစ်ကြောင်းပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်စောက ပြောကြားခဲ့သည်။

Visitors: 36,422