တာလောကြီးနှင့် စံကင်းကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံသည့် ထောက်ပံငွေများ ထောက်ပံ့‌ပေးအပ်


မြစ်ကြီးနား သြဂုတ် ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးနှင့် စံကင်းကျေးရွာများရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို သြဂုတ် ၅ ရက် နံနက် ၉ နာရီတွင် အဆိုပါကျေးရွာများသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးဝန်ကြီး ဦးစိုင်းစိန်လင်းတို့သည် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၃၈၉)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၇၈၀၀၀၀)ကိုလည်းကောင်း၊ စံကင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အိမ်ထောင်စု (၄၁)စုတို့အတွက် ငွေ ကျပ်(၈၂၀၀၀၀)တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက တာလောကြီး ကျေးရွာ ဒက္ခိဏရာမကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသော ဝါဆိုသံဃာတော်များအား ဝါဆို သင်္ကန်းနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် ပထမအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁၂၀၀၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့်အခြေခံစားသောက်ကုန်များ၊ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု (၄၁၇၂)စုတို့အတွက် တစ်အိမ် ထောင်လျှင် ငွေကျပ် (၁၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၂၅၈၀၀၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုတတိယအကြိမ်အဖြစ် အိမ်ထောင်စု (၁၈၇၂၈)စုတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၇၄၅၆၀၀၀၀)ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

Visitors: 36,422