ဝါရှောင်ဆည်ရေကို အချိုးကျအညီအမျှသုံးစွဲနိုင်ရေး တောင်သူဦးကြီးများပါဝင်သည့် ရေအသုံးပြုသူများအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်

မြစ်ကြီးနား ဇူလိုင် ၂၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရေအသုံးချမှုအကြီးဆုံးဆည်တစ်ခုဖြစ်သည့် ဝါရှောင် ရေလွဲဆည်မှ ဆည်ရေအား ပင်မမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေသွင်းစိုက်ဧကအလိုက်၊ သီးနှံ အမျိုးအစားအလိုက် အချိုးကျအညီအမျှသုံးစွဲနိုင်ရေးနှင့် ရေစီမံခန့်ခွဲမှုကောင်းမွန်စွာဖြင့် ဆည်ရေရရှိနိုင် ရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူဦးကြီးများ ပါဝင်ဖွဲ့စည်းထားသည့် ရေအသုံးပြုသူများအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

ဝါရှောင်ရေလွဲဆည်ရေအသုံးချမှုအား ဝိုင်းမော်မြို့နယ်အတွင်း ဆည်ရေသောက်ဧရိယာ မိုးစပါး လျာထားဧက (၁၁၄၄၆) ပြည့်မီရေးနှင့် တောင်သူများစိုက်ပျိုးချိန်အမီ အောင်ရေရရှိစေရေး အတွက် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆည်ရေသောက်တောင်သူများအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိရုံးမှ ဦးဆောင်၍ တူးမြောင်းမကြီးအပါအဝင် လက်တံမြောင်း (၁၂)ခုတို့တွင် တောင်သူဦးရေ (၂၀၉)ဦး ပါဝင်ဖွဲ့စည်းထားသည့် စိုက်ဧက (၁၀၀၅.၅၆)ဧကတို့အတွက် ရေအသုံးပြုသူများအဖွဲ့ (၂၅)ဖွဲ့ကို ဇူလိုင် (၁၀)ရက်နေ့က ဖွဲ့စည်း ထားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပင်မမြောင်းအပါအဝင် လက်တံမြောင်း (၂၄)ခု၊ စုစုပေါင်း (၂၅)ခုအနက် ပင်မမြောင်း နှင့်လက်တံမြောင်း(၁၂)ခုတို့တွင်ရေအသုံးချသူများအဖွဲ့ကိုဖွဲ့စည်းထားပြီး နောက်ထပ်ရေအသုံးပြုသူများ အဖွဲ့ (၈)ဖွဲ့ခန့် ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုလို အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရခြင်းမှာ ဆည်ရေကို အကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးစာရိတ်ထုတ်လုပ်မှု လျော့နည်းလာခြင်း၊ အထွက်နှုန်း ပိုမိုထွက်ရှိနိုင်ခြင်း၊ တောင်သူအချင်းချင်းစည်းလုံးမှုပိုမိုရရှိစေနိုင်သည့်အတွက် ဖွဲ့စည်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေဝင်းဦး ထံမှ သိရှိရသည်။

အဆိုပါ ဝါရှောင်ရေလွဲဆည်၏ ရေသောက်ဧရိယာသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော် မြို့ပေါ်ရပ်ကွက်များအပါအဝင် ဝါရှောင်၊ နန့်ဝါ၊ ဝူယန်၊ မဒိန်၊ မုတ်လွဲ၊ ခတ်ချို၊ နောင်စီပေါကျေးရွာ များဖြစ်သဖြင့် တောင်သူများအနေဖြင့် ပင်မမြောင်းမကြီးနှင့် လက်တံမြောင်းများအလိုက် ရေအသုံး ပြုသူများအဖွဲ့ ဖွဲ့စည်းခြင်းအားဖြင့် ရေသွင်းမြောင်းမှ စိုက်ကွင်းများအတွင်းသို့ ရေစီမံခန့်ခွဲမှုကောင်းမွန် စွာဆည်ရေကို အသုံးပြုနိုင်မည်ဖြစ်သည်။

Visitors: 32,962