မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရိုးတစ်လျှောက် မြစ်ရေကြီးခြင်းမှ ကာကွယ်ရေး ရေထိန်းနံရံနှင့် ရေတား တာဘောင်တည်ဆောက်သွားနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရိုးတစ်လျှောက် နှစ်စဉ် မြစ်ရေမြင့်တက်လာမှု ကြောင့် မြေနိမ့်ပိုင်းနေ ပြည်သူများ၏ နေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေး မြစ် ကမ်းပါးရေထိန်းနံရံနှင့် ရေတားတာဘောင်များ၊ ရေတံခါးများ တည်ဆောက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နှစ်စဉ်ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ကျွန်းပင်သာရပ်ကွက်အတွင်း ကျွန်းပင်သာမှ လယ်ကုန်းရပ်ကွက်အထိ ပေ(၁၄၀၀၀) ကျောက်စီရေထိန်းနံရံနှင့်ပေ(၃၀)အကျယ်တာရိုးလမ်းဖောက်လုပ်သွားနိုင်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။

အလားတူ လယ်ကုန်းရပ်ကွက်အတွင်း လယ်ကုန်းရပ်ကွက်မှ ရေကြည်အထိ ပေ(၂၅၀၀၀)ကျော် မြေသား တာဘောင်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေပြင်ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက် ထားရှိမှုနှင့် ရေဝင်ပေါက်/ထွက်ပေါက်နေရာ(၈)နေရာတွင် ရေထိန်းတံခါးများ အတွက် ဘူမိဗေဒမြေအနေ အထားစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ပြည်သူများရေကြီးမှုဖြစ်စဉ်မှ ကင်းဝေး အောင် စနစ်တကျကွင်းဆင်းတိုင်းတာစစ်ဆေး ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်း - ပူတာအိုလမ်း၌ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်း အရှည် ၂၈၇၅၈ ပေ၊ အကျယ်ပေ ၆၀ လမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီစွာ ဆောင်ရွက် သွားရေးနှင့် လမ်းဘေးဝဲယာရေနှုတ်မြောင်းများ စနစ်တကျဖြင့် အမှိုက်စွန့်ပစ်မှုမရှိစေရေး ဆောင်ရွက် သွားရန် မှာကြားခဲ့သည်။

Visitors: 32,961