ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ မီဒီယာများတွေ့ဆုံ၍ သတင်းစာရှင်းလင်း

မြစ်ကြီးနား ဇူလိုင် ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည် နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတင်းမီဒီယာဌာနအသီးသီးမှ သတင်းထောက်များ တက်ရောက်ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အစိုးရအဖွဲ့၏ (၄)နှစ် တာကာလအတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား၊ လျှပ်စစ်မီးလင်းရေးစသည့် လုပ်ငန်းဆောင်ရွက်ပေးနိုင်ခဲ့မှုများနှင့် ပြည်နယ်သူ/သားများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိ‌ရေးတို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့မှုများ၊ ပြည်နယ်အတွင်း စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများစိုးရိမ်ပူပန်မှုမရှိစေရေး အလေးထားစီမံဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အခြေစိုက် သတင်းမီဒီယာများနှင့် ပြည်ပအခြေ စိုက်သတင်းမီဒီယာများမှ ဖားကန့်ဒေသ ဝှေခါမှော်မြေပြိုကျမှုနှင့် မြေပြိုမှုဖြစ်စဉ်များအတွက် အစိုးရ အဖွဲ့အနေဖြင့် စီမံဆောင်ရွက်နေမှုအခြေအနေ၊ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး အစီအစဉ်များ၊ နန်ကျင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်အကောင်အထည်ဖော် ရေးစီမံကိန်းအခြေအနေ၊ ပြည်နယ်အတွင်းဘတ်ဂျက်နှစ်အလိုက်စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်နိုင်မှုအခြေအနေနှင့် အစိုးရအဖွဲ့၏ (၄)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုအပေါ် အားရ ကျေနပ်မှုနှင့် အားရကျေနပ်မှုမရှိသည့် လုပ်ငန်းများအပေါ် သုံးသပ်ဖြေကြားရေးတို့နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးမရသေးသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များတွင် အပြည့်အဝအားရကျေနပ်မှုမရှိသော်လည်းခရိုင်(၄)ခရိုင်လုံးတွင်အတိုင်းအတာတစ်ခုထိအခြေခံ အဆောက်အအုံများကို တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် သတင်းမီဒီယာများအပေါ် အားကိုးသည့်အပြင် မီဒီယာသမားများအားလုံးက စတုတ္ထမဏ္ဍိုင်အနေဖြင့် အပြုသဘောဆောင်၍ ယနေ့ ကြုံတွေနေရသည့် အခက်အခဲများကို ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ်နှင့် ပြည်ပအခြေစိုက်သတင်းမီဒီယာများဖြစ်ကြသည့် RFA ၊ BBC ၊ DVB ၊ MNTV ၊ မြဝတီ၊ မြစ်ကြီးနားသတင်းဂျာနယ်၊ ထာဝရငြိမ်းချမ်းရေးသတင်း ကွန်ယက်အဖွဲ့၊ မလိခသတင်းအေဂျင်စီ၊ Kachin News Goup ၊ The 74 Media ၊ Voice of Myanmar ၊ Burmese News International တို့မှ သတင်းထောက်တက်ရောက်ခဲ့ကြသည်။

Visitors: 32,958