မြစ်ကြီးနားမြို့၌ ၂၀၂၀ -၂၀၂၁ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြီး ကျောင်းသုံးပစ္စည်းများလှူဒါန်း

မြစ်ကြီးနား ဇူလိုင် ၁၅

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကချင်ပြည်နယ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးအခန်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၃)အခြေခံပညာသင်ကျောင်း၌ ကျင်းပခဲ့ကြပြီး ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ပညာရေးဌာနမှ ကျောင်း အုပ်များနှင့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းဖွင့်ချိန်တွင် ပြည်သူများနှင့်အတူ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် ကျောင်းတက်ချိန်၊ မုန့်စားချိန်၊ ထမင်းစားနားချိန်များတွင် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်တားဆီးရေးဆိုင်ရာလမ်းညွှန်ချက်များကို အသိပေးခြင်း၊ လိုက်နာဆောင်ရွက်စေခြင်း၊ ကြပ်မတ်ခြင်းတိုကို အထူးအလေးထားဆောင်ရွက်ကြရေး တိုက်တွန်းမှာ ကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအပ်နှံရေးနေ့အတွက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ လှူဒါန်းသည့် အလှူငွေကျပ် (၁)သိန်း ကို လက်ခံရယူသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူ့ရှင်များက အထက်တန်းအဆင့်ကျောင်း သား/ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များနှင့် မူလတန်းကျောင်းသား/ ကျောင်းသူများအတွက် ဗလာ စာအုပ်များကိုလည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) ၊ မြစ်ကြီးနားမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်းနှင့် IDPs စစ်ရှောင်စခန်း (၆)ခုတို့မှ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်သည် ကိုဗစ် - ၁၉ ကာလဖြစ်သည့်အတွက် ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများအတွက် ကျောင်းအုပ်များအပါအဝင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များ အပြင် Mask ၊ Face Shield ၊ အပူချိန်တိုင်းသာမိုမီတာများကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရှိရသည်။

Visitors: 37,778