ဖားကန့် ဝှေခါမှော်ကျင်းကမ်းပါးပြိုကျမှုဖြစ်စဉ်မှ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ထောက်ပံ့

ဖားကန့် ဇူလိုင် ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ထောက်ပံ့မှုနှင့်အတူ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ လုံးခင်း-ဖားကန့်တူးဖော်ရေးဌာနနှင့် ဖားကန့်မြို့နယ် ကျောက်မျက် လုပ်ငန်းရှင်များအသင်း၊ KNDPC ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတို့မှ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ ဝှေခါကျေးရွာမှ ကျင်းကမ်းပါး မြေပြိုမှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့ငွေကျပ် သိန်း(၅၀၀)၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ လုံးခင်း-ဖားကန့်တူးဖော်ရေးဌာနနှင့် ဖားကန့် မြို့နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ထောက်ပံ့ငွေကျပ် သိန်း(၅၀၀)နှင့် KNDPC ကျောက်မျက်ကုမ္ပဏီမှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)၊ စုစုပေါင်းငွေကျပ်သိန်း ၁၁၀၀ ထောက်ပံ့လှူဒါန်းမှုအား ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က လက်ခံရယူခဲ့သည်။
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၌ ကျင်းမြေပြိုကျမှုကြောင့် သေဆုံးသူ ၁၆၂ ဦးနှင့် ဒဏ်ရာရရှိ သူ ၄၃ ဦးရှိနေကြောင်း၊ ဆက်လက်ရှာဖွေမှုများလုပ်ဆောင်လျက်ရှိကြောင်းကိုလည်း သိရှိရပြီး ကျင်းမြေပြိုမှုကြောင့် သေဆုံးရသူများ၏ မိသားစုဝင် များနှင့် ဒဏ်ရာရရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဆက်လက်၍ ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Visitors: 37,792