မြစ်ကြီးနားမြို့၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မြို့တွင်းလမ်းဘေးဝဲယာတို့တွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး

မြစ်ကြီးနား ဇွန် ၂၇

မြစ်ကြီးနားမြို့၌ ဇွန် ၂၇ ရက်တွင် ကျရောက်သော ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် အဖြစ် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ဒူဝါဇော်ရစ်လမ်း၊ ငွေပျော်လမ်း၊ ဆိမ်ဆာ့ လမ်း၊ မနောဥယျာဉ်လမ်းတို့၏ လမ်းဘေးဝဲ/ယာတို့တွင် အရိပ်ရသစ်ပင်များ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်း စိုက်ပျိုးခဲ့ ကြသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တို့နှင့် ပြည်နယ်ဝန်ကြီးများက အရိပ်ရသစ်ပင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ဒူဝါဇော်ရစ်လမ်း(ဆွမ်ပရာဘွမ်လမ်းမှ တစ်ဆင့် ဆိမ်ဆာ့လမ်း၊ ဆိမ်ဆာ့လမ်းမှ တက္ကသိုလ်လမ်းအထိ)၊ ငွေပျော်လမ်း၊ မနောဥယျာဉ်ပတ်လမ်းတို့၏ လမ်း‌ ဘေးဝဲယာတို့တွင် ထိုင်းချယ်ရီပင်၊ စင်္ကာပူချယ်ရီ၊ အာဖရိကန်ကျူးလစ်၊ မယ်ဇယ်၊ ခရေပင်၊ ရေတမာ၊ ပုန်းညက်၊ မန်ဂျန်းရှား၊ စိန်ပန်းပင် စုစုပေါင်း အရိပ်ရသစ်ပင် ၇၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်ပင်စိုက်ပျိုးမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနအနေဖြင့် မိုးရာသီတွင် မြို့တွင်းလမ်း များ၏ ဘေးဝဲယာနှင့် မြေယာရှုခင်းတို့တွင် အရိပ်ရသစ်ပင်စုစုပေါင်း (၁၂၆၀၀)ပင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Visitors: 31,679