ဝိုင်းမော်မြို့နယ်တွင် ငှက်ပျောခင်း (၁၀) ဧက ဖျက်သိမ်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် နှစ်ရှည်ပင်များစိုက်ပျိုး

ဝိုင်းမော် ဇွန် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာ နန့်ဝါ သစ်တောကြိုးဝိုင်း၊ တစ်သျှူးငှက်ပျောခင်း(၁၀)ဧကဖျက်သိမ်းပြီး ယမန်နေ့ နံနက်(၈)နာရီတွင် နှစ်ရှည်ပင် မန်ဂျန်ရှားပင် များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ နန့်ဝါသစ်တောကြိုးဝိုင်းအတွင်းရှိ၊ ဦးညွန့်အောင်ပိုင် တစ်သျှူးငှက်ပျောခင်း (၁၀)ဧက ဖျက်သိမ်းပြီး ရေမြေထိန်းသိမ်းခြင်း၊ မြေဆီလွှာနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက် ကချင်ပြည်နယ် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဒါရှီလဆိုင်း၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာနမှူး ဦးစောယုနှင့်ဝန်ထမ်းများ၊ ပြည်နယ်သစ်တောဦးစီး ဌာနမှူး ဦးခင်မောင်ဦးနှင့် မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှူး ဦးအောင်ခိုင်စိုး၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ အဖွဲ့ဝင်များ၊ ကျောက်မျက်တူးဖော် ရေးဦးစီးဌာနမှ အဖွဲ့ဝင်များ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက မန်ဂျန်ရှား အပင် (၅၄၀၀)ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သတင်းရရှိသည်။


Visitors: 31,681