ကိုဗစ်-၁၉ ရောဂါကိုဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ထပ်ဆောင်း ထောက်ပံ့ငွေပေးအပ်

မြစ်ကြီးနား ဇွန် ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါြဖစ်ပွားနေသည့် ကာလအတွင်း အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ထပ်ဆောင်းထောက်ပံ့ ငွေပေးအပ်ပွဲကို မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ ‌ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို တစ်ဦးလျှင် တစ်လ (၁၀၀၀၀/-) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာမှ ယခု ထောက်ပံ့ငွေသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း သက်ကြီးဘိုးဘွားများကို ထပ်ဆောင်း ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးသက်လှိုင်ထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းတို့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွား(၁၆၆)ဦး အတွက် ထောက်ပံ့ငွေ စုစုပေါင်း(၁၂၂,၇၀၀၀၀/-) ကျပ်ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြသည်။

စိန်ဝင်း

Visitors: 36,280