ရွှေကူနှင့် မံစီမြို့နယ်များအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေး


ရွှေကူ ဇွန် ၅

ဗန်းမော်ခရိုင် ရွှေကူနှင့်မံစီမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျှက်ရှိသည့် လမ်းတံတား၊ မြေထိန်းနံရံများနှင့် အဆောက်အအုံများအဆင့်မြှင်တင်‌တည်ဆောက်နေမှုအခြေအနေကို ဇွန် ၅ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

ရွှေကူမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးရာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပန်းတင်-မြိုင်သာ-လမ်းကူး -ခေါလဲ-တာလီကို လမ်းဦးစီးဌာနမှ ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းနှင့် ရွှေကူမြို့ အမှတ်(၁) ရန်ကြီးအောင်ရပ်ကွက်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အတွက် ကျောက်စီမြေထိန်းနံရံ အလျား ၁၀၀၀ ပေ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ် မြောက်ရွာကုန်းဆင်းမှ ရွှေဘုံသာ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မှ ဆောင်ရွက်လျက်ရှိသည့် တိန်းဟွန်း-သရက်ကုန်း လမ်းပေါ်ရှိ တိန်းဟွန်းရွာ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေ၊ ၂၀၁၉−၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း ရွှေကူမြို့နယ် တိန်းဟွန်း၊ မဏိသြဂ၊ ဘိုကုန်း၊ သပြေလှ ကျေးရွာချင်းဆက်လမ်းပေါ်တးရှိ ကွန်ကရစ်တံတား တည်ဆောက်မှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြပြီး ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တုံးပုံကျေးရွာရှိ ၄ ခန်းတွဲ၊ ၄ ထပ် RC ဝန်ထမ်းအိမ်ရာ ၂ လုံး တည်ဆောက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မန်စီမြို့နယ်အတွင်း အောက်ချောင်းဒေသ(ဒေသအခေါ်)အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မန်သာကျေးရွာ၌ ဆောင်ရွက်လျက်ရှိနေသည့် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ (33/11KV(5)MVA)ဓါတ်အားခွဲရုံနှင့် ခွဲရုံအတွင်းတာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများနေထိုင်ရန် (၄) ခန်းတွဲနှင့် (၂)ခန်းတွဲ အိမ်ယာနှစ်လုံး တည်ဆောက်ရေးလုပ်ငန်း၊ မံသာ-နောင်ဟူး ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ‌ ဆောင်ရွက်နေမှုအခြေအနေနှင့် မံစီမြို့၊ ကောင်ရာရပ်ကွက်၌ ဆောက်လုပ်လျှက်ရှိသည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ယာ (၂) လုံးတည်ဆောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးဆီးရေးအတွက် လိုအပ်သည်များကို လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများအားမှာကြားပြီး မြို့နယ်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Visitors: 36,280