တိုင်းရင်းသားလက်နက်ကိုင်များ အခြေပြုရာဒေသများတွင် COVID 19 ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား မေ ၁၅
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ မိုင်ဆပ်ပါကျေးရွာ၌ မေလ (၁၃) ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဉီးနေဝင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာန၊ ပြည်နယ်ကုသရေးဉီးစီးဌာန၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ဉက္ကဌ ဦးလရှီးလ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန် (KBC)၊ ဘုန်းတော်ကြီး ဖရန်စစ်ဒေါ့တန် (RCM)၊ သိက္ခာတော်ရဆရာတော် တူးမိုင် (KBC)၊ ဆရာမဆန်ထွယ် (KWAT)၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးခါပရာခွန်းအောင်နှင့် ဦးအင်ခွန်တန်ဂွန်း (CCRC-K) တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲကို သိက္ခာတော်ရဆရာတော်ကြီး CM တူးရှန်မှ ဆုတောင်းဖွင့်လှစ်ခဲ့ပြီး ဆရာကြီး ဆွမ်လွတ်ဂမ်၊ ကေအိုင်အို COVID-19 ကပ်ရောဂါကာကွယ်နှိမ်နင်းရေးကော်မတီ ဉက္ကဌ ဆရာကြီးလရှိီးလ (ဉက္ကဌ၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့) နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီးတို့က အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး နှင့် စပ်လျဉ်း၍ ကေအိုင်အိုမှ အတွင်းရေးမှူး (ကျန်းမာရေးတာဝန်ခံ) ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်၊ ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းနှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဆရာ အင်ခွမ်တန်ဂွန်း (CCRC-K) တို့မှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲဒုတိယပိုင်းတွင် ကေအိုင်အို COVID-19 ကပ်ရောဂါကာကွယ်နှိမ်နင်းရေးကော်မတီ အကြံပေး (KIC ဒုတိယဉက္ကဌ-၁) ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ကပ်ရောဂါကာကွယ်ရေးနှိမ်နင်းရေး အတွက် ကေအိုင်အို၏မူဝါဒနှင့် သဘောထားများကို ရှင်းလင်းဆွေးနွေးပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးနှင့် တက်ရောက်လာသူများမှ ကပ်ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီး ဉီးနေဝင်းမှ ကေအိုင်အိုထိန်းချုပ်ဒေသအတွင်း FQ ဝင်ရောက်နေသူ (၇၈) ဉီးအတွက် (၂၁) ရက်စာ စားသောက်စရိတ်ငွေကျပ် (၅၇၃၃၀၀၀) နှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာနတို့မှ လှူဒါန်းသည့် Surgical Mask (၂၂၅၀) ခု၊ Infrared Non-Contact Thermometer (၁၀) ခု၊ Hand Gel (500ml) (၆၈) ဘူး၊ Vinyl Poster (၁၀) ခု၊ DVD (ပညာပေး) (၁၀) ချပ်၊ ပိုးသတ်ဆေးရည်ပုံး (၂) ပုံး၊ လက်ဆေးစင် (၂) စုံ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း (၂) သေတ္တာ၊ ကာဘော်လစ် ဆပ်ပြာခဲ (၄၈) ချောင်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဉီးနေဝင်း၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ဉက္ကဌ ဆရာကြီးလရှီးလနှင့် ဆရာကြီး ဆွမ်လွတ်ဂမ်၊ ကေအိုင်အို COVID-19 ကပ်ရောဂါကာကွယ် နှိမ်နင်းရေးကော်မတီဉက္ကဌ (ကေအိုင်အို ဒုတိယဉက္ကဌ-၂) တို့က အပိတ်မိန့်ခွန်းများပြောကြားခဲ့ကာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခါလမ်ဆမ်ဆွန် (KBC) က ဆုတောင်းပေးကာ ညနေ (၃) နာရီတွင် ဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

Visitors: 32,962