မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် ရုပ်ရှင်ရုံပါဝင်သည့် Mini Shopping Center တည်ဆောက်သွားမည်

မြစ်ကြီးနား မေ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် ရုပ်ရှင်ရုံပါဝင်သည့် Mini Shopping Center တည်ဆောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ပန္နက်ရိုက်တင်ပေးကြသည်။
ရှေးဦးစွာ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ မြေကွက်အမှတ်(၂၀)၊ မြေ(၀.၁၆၆)ဧကတွင် ရုပ်ရှင်ရုံပါဝင်သည့် Mini Shopping Center တည်ဆောက်နိုင်ရေးအတွက် ရှင်းလင်းဆောင်၌ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးလှမိုးက အဆောက်အအုံများကို ဂင်လွှမ်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည့်အခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိ၊ ကုမ္ပဏီမှမန်နေဂျင်း ဒါရိုက်တာဦးဒေါင်လွမ်းတို့က ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။
အလားတူ ဝိုင်းမော်မြို့၊ ရပ်ကွက်(၁)ရှိ ဧရာမော်ပန်းခြံအတွင်း အဆောက်အအုံတည်ဆောက်မည့် နေရာ၌ ရုပ်ရှင်ရုံပါဝင်သည့် Mini Shopping Center ဆောက်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂင်လွှမ်းကုမ္ပဏီလိမိတက် ဒါရိုက်တာဇယ်နောတို့က ပန္နက် ရိုက်တင်ပေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့များသာယာလှပခေတ်မီရေးအတွက် အဆင့်မြင့်အဆောက်အအုံများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆောက်လုပ်မည့် Mini Shopping Centerနှင့် ရုပ်ရှင်ရုံပါဝင်သည့် အဆောက်အအုံများကို ဂင်လွှမ်းကုမ္ပဏီ၏ လျှောက်ထားမှုအပေါ်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့တွင် တည်ဆောက်သွားမည့် အဆောက်အအုံမှာ အာရ်စီ(၅)ထပ်ဖြစ်ကာ စားသောက်ဆိုင်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ ကလေးကစားကွင်းများပါဝင်မည်ဖြစ် ကြောင်းနှင့် ဝိုင်းမော်မြို့တွင်လည်း အာရ်စီ(၃)ထပ်အဆောက်အအုံတွင် ဈေးဆိုင်ခန်းများပါဝင်မည်ဖြစ် ကြောင်း သိရှိရသည်။

Visitors: 29,614