ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံဖြင့် ပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြှောက် ပုံမှန်အစည်းအဝေးကို ယခုလ(၁၈)ရက်နေ့တွင်ကျင်းပသွားမည်

မြစ်ကြီးနား မေ ၉
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံဖြင့် (၁၉)ကြိမ်မြှောက် ပုံမှန်အစည်း အဝေးကို ယခုလ(၁၈)ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဟု ပြည်နယ်လွှတ်တော်ရုံးမှ သိရှိရသည်။
ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးထွန်းတင်က “အစည်းအဝေးကတော့လိုအပ်ချက်အရ ဘတ်ဂျက်ကို အတည်ပြုဆုံးဖြတ် ပေးရမှာဖြစ်တဲ့အတွက် မဖြစ်မနေကျင်းပရခြင်းဖြစ်ပါတယ်၊ အစည်းအဝေးလုပ်မှာလဲ သုံးရက် လောက်ပဲကျင်းပမှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကျန်းမာရေးစစ်ဆေးမှု Quarantine လုပ်သွားဖို့စီစဉ်ထားပါတယ်၊ ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ယခုလ(၁၀)ရက်နေ့မှာ စတင်ရောက်ရှိလာမှာဖြစ်တဲ့အတွက် မေလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့ အထိ Quarantine (၇)ရက်ထားရှိသွားမှာဖြစ်ပါတယ်၊ တစ်ချို့ကိုရုံးကအဆောင်မှာ၊ တစ်ချို့ကို တော့သူတို့တွေရဲ့နေအိမ်တွေမှာ Quarantine ထားသွားဖို့ရှိပါတယ်၊ ဒါကိုလဲကျန်းမာရေးဌာနနှင့် ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ပါတယ်၊ မဖြစ်မနေကျင်းပရတာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် အသေးစိတ်အစီအမံတွေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်” ဟုပြောကြားသည်။
ထို့အပြင် အစည်းအဝေးခန်းမ၌ ထိုင်ခုံနေရာများကို တစ်ယောက်နှင့်တစ်ယောက်ကြား၊ ရှေ့၊ နောက်၊ ဝဲ၊ ယာ(၄)ပေအကွာအဝေးဖြင့် စီစဉ်ထားရှိပြီး၊ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာကြသူများအားလုံးအတွက် နှာခေါင်းစည်း(Mask)များ၊ လက်ဆေးဆပ်ပြာများ ထားရှိပေးခြင်း၊ ကိုယ်ပူချိန်များတိုင်းတာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ခန်းမအတွင်း လေ့လာသူအားလုံးခွင့်ပြုခြင်းမရှိတော့ကြောင်း သိရှိရသည်။
အဆိုပါပြုလုပ်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ရွေးကောက်ခံကိုယ်စားလှယ် (၄၀)ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်(၁၃)ဦး စုစုပေါင်းကိုယ်စားလှယ်(၅၃)ဦး ကျင်းပ သွားမည်ဖြစ်ပြီး၊ သတင်းလာရောက်ရယူမည့် မီဒီယာများအတွက် သတ်မှတ်ထားသည့် သီးသန့် အခန်းနေရာများတွင် သတင်းရယူရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားရှိကြောင်းကိုလည်း သိရှိရသည်။

Visitors: 33,241