ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က COVID-19 ရောဂါထိန်းချုပ် ကာကွယ်ကုသရေးအတွက် အလှူငွေနှင့် နှာခေါင်းစည်းများပေးအပ်လှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မြစ်ကြီးနား မေ ၄
ကချင်ပြည်နယ်အတွင်း COVID-19ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးအတွက် မြစ်ကြီးနားမြို့ မြန်မာ-တရုတ်အမျိုးသား လူမှုကူညီရေးအဖွဲ့မှ အလှူငွေနှင့် နှာခေါင်းစည်း (Mask)များပေးအပ်လှူဒါန်းမှုအတွက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
အဆိုပါ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အလှူရှင်များကိုယ်စား ဦးအောင်မြင့်ကCOVID-19 ရောဂါကာလအတွင်း စားနပ်ရိက္ခာအခက်အခဲကို အရေးပေါ်ဖြေရှင်းရာတွင် အထောက်အကူ ပြုစေရန် လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကပ်ရောဂါကာလအတွင်း ခုလိုကိုယ်ကျိုးမဖက် တတ်နိုင်သည့်ဖက်မှ ပြည်နယ်အတွက် လာရောက်လှူဒါန်းသူများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာ-တရုတ်အမျိုးသားလူမှုကူညီရေးအဖွဲ့ကိုယ်စား ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက အလှူငွေ ကျပ်- ၂၀၇၉၀၀၀၀ နှင့် ကျပ်- ၁၆၀၀၀၀၀ တန်ဖိုးရှိ mask (၄၀၀၀)ခု စုစုပေါင်း တန်ဖိုးငွေကျပ်- (၂၂၃၉၀၀၀၀)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံ ရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

Visitors: 33,241