ဆင်ဘိုမြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နေစဉ် တရုတ်နိုင်ငံရွှေလီမြို့မှ ပြန်လာသူတစ်ဦးတွေ့ရှိသဖြင့် (၁၄)ရက်စောင့်ကြပ်ကြည့်ရှုလျက်ရှိ


ဆင်ဘို ဧပြီ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့၌ ဧပြီ ၃ ရက်နေ့တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးတွေ့ရှိသဖြင့် ၁၄ ရက် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကျော်က “ကျွန်တော်တို့ နေ့စဉ် အမြန်ရေယာဉ်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတယ်၊ လက်ကမ်းစာစောင်ဖြန့်ဝေတယ်၊ အဲလို အရှိန်အဟုန်မပျက်ဆောင်ရွက် ရင်းနဲ့ ဧပြီ ၃ ရက် မနေ့က တရုတ်နိုင်ငံရွှေလီမြို့မှ ပြန်လည်ရောက်ရှိလာတဲ့အမျိုးသမီးတစ်ဦးကို တွေ့ရှိတဲ့အတွက် သူ့ကို အောင်မင်္ဂလာရပ်ကွက်ရှိ ဘော်ဒါဆောင်မှာ ၁၄ ရက် သွားလာမှုကန့်သတ် ပြီး စောင့်ကြည့်နေပါတယ်”ဟုပြောသည်။

ထို့အပြင် ဆင်ဘိုမြို့တွင် အဆိုပါ ရွှေလီမှပြန်လာသူမှအပ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက် ရှိလာသူမရှိသေးကြောင်းနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် မြို့ဝင်လမ်း ကြောင်းဖြစ်သည့် ဗန်းမော်၊မြစ်ကြီးနားအမြန်ရေယာဉ်ဂိတ်တစ်ခုသာရှိပြီးအဆိုပါဂိတ်တွင်လက်သန့် ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကိုဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့ပေါ်ရပ်ကွက် များအပါအဝင် ကျေးရွာများတွင် အသံချက်စက်ဖြင့်အသိပေးခြင်း လုပ်ငန်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အလားတူ မြို့ဈေးကို တစ်ရက်ခြားတစ်ခါ အချိန်ကန့်သတ်ဖွင့်လှစ်ထားပြီး ပိုးသတ်ဆေးဖျန်း ခြင်းလုပ်ငန်းကို ပြုလုပ်လျက်ရှိကြောင်းနှင့် ပြည်ပပြန်လာသူများရှိပါက အောင်မင်္ဂလာရပ်ကွက်ရှိ ဘော်ဒါဆောင်အား စောင့်ကြည့်စခန်းအဖြစ် (၁၀)ဦး ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။

Visitors: 37,647