ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်ဆန်းပြည်နယ်ခွဲမှ တရုတ်ငွေယွမ်(၄)သိန်းခန့်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများလှူဒါန်း

ကန်ပိုက်တီ ဧပြီ ၃

ကချင်ပြည်နယ်အတွင်း COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန် အတွက် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်းဆန်း ပြည်နယ်ခွဲမှ တရုတ်ယွမ်(၄)သိန်းခန့်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်း ကို ဧပြီ ၂ ရက် မွန်းလွဲပိုင်းတွင် ကန်ပိုက်တီမြို့ နှစ်နိုင်ငံနယ်စပ်ဂိတ်အနီး မြန်မာ - တရုတ် ချစ်ကြည်ရေးလှိုဏ်ခေါင်းရှေ့၌ ပြုလုပ်ခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲမှ ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စုစုပေါင်းတရုတ်ယွမ်(၄)သိန်းခန့် တန်ဖိုးရှိဆေးရုံသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ (၁၀၀)၊ Surgical Mask (၃၀၀၀၀)ခု၊ 95 Mask (၁၀၀၀)ခု ၊ Infrared Thermometer (၂၀၀)ခု၊ Termak Scanner (၂)လုံးတို့ကို ပေါင်ဆန်း ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူးက ထောက်ပံ့ပေးအပ်လှူဒါန်းရာ မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးနှင့် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်တို့က လက်ခံရယူခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်သည် နှစ်နိုင်ငံအဓိက ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ရာမြို့တစ်ခုဖြစ်သဖြင့် တစ်ဖက်နိုင်ငံမှ ဝင်/ ထွက်သွားလာနေသူများအား ကျန်းမာရေး စစ်ဆေးသည့်လုပ်ငန်းအပြင် သံသယလူနာတွေ့ရှိပါက အမှတ်(၁)ရပ်ကွက်အတွင်း သွားလာမှုကန့် သတ်၍ စောင့်ကြည့်နိုင်ရေး အ.ထ.က၊ ကန်ပိုက်တီကျောင်းတွင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

Visitors: 33,241