COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်နယ်အတွင်း ဝင်ရောက်လာသူများကို နေ့စဉ် စောင့်ကြည့်၍ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်သွားမည်

မြစ်ကြီးနား မတ် ၂၇

အသက်ရှုလမ်းကြောင်းဆိုင်ရာပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19) ကို ကချင်ပြည် နယ်အတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်နယ်အတွင်း ဝင်ရောက်လာသူများကို နေ့စဉ် စောင့်ကြည့်၍ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၆ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများ၏ (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းပြည်နယ် အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း COVID-19 ရောဂါနှင့် ပတ်သက်၍ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အဓိက ဦးစားပေးဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိန်းချုပ်ကာကွယ်သည့်လုပ်ငန်း၏ အရေးပါကြောင်းကို ရောဂါဖြစ်ပွား လျက်ရှိသည့် နိုင်ငံများကို လေ့လာသိရှိခြင်းအားဖြင့် သိရှိနိုင်ကြောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများအနေဖြင့် ပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှတစ်ဆင့် ဝင်ရောက် လာမည်သောကြောင့် နေ့စဉ်ဝင်ရောက်လာသူများ၏ သတင်းအချက်ရယူနိုင်ရေး ဌာနဆိုင်ရာများ အနေဖြင့် ချိတ်ဆက်ဆောင်ရွက်သွားကြရေး၊ ပြန်လည်ရောက်ရှိလာပါက (၁၄)ရက်တာ Facility Quarantine လုပ်ငန်းအတွက် ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဆေးရုံ သုံးပစ္စည်းများနှင့် Facility Quarantine လုပ်ငန်းအတွက် လိုအပ်ချက်များကို စုစည်းတင်ပြဖို့လို ကြောင်း၊ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အထိန့်တလန့်ဖြစ်ကာ ရိက္ခာစုဆောင်းခြင်းမဖြစ်ပေါ်စေ ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား အသိပေးခြင်းလုပ်ငန်းကို အားထည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာအဆင့်ထိ အသိပညာပေးခြင်းနှင့်သတင်း အချက်ရရှိရေးအတွက် စည်းရုံးဆောင်ရွက်ရေးသည် အဓိကအရေးကြီးကြောင်း တိုက်တွန်းမှာကြား သည်။

ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်ကော်မတီအနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ် သက်၍ Facility Quarantine အတွက် လိုအပ်သည့် အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများ စုဆောင်းရရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးနှင့်တာဝန်ရှိသူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လိုက်နာ ဆောင်ရွက်ရန် အချက်များ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်စာရင်းချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များက ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက် သွားမည့် အစီအမံများ၊ Facility Quarantine လုပ်ငန်းအတွက် လိုအပ်ချက်များ ကြိုတင်ဖြည့်ဆည်း ပေးရမည့် အခြေအနေများ၊ တရုတ်မြန်မာနယ်စပ်ဂိတ်အဝင်များအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်သွားမည့် အစီအမံများ၊ ဆေးရုံသုံးပစ္စည်းများနှင့် စောင့်ကြည့်ထိန်းချုပ်ရေး လုပ်ငန်းစဉ်အတွင်း လိုအပ်မည့် ရိက္ခာ၊ အသုံးအဆောင်များအတွက် ကြိုတင်စုဆောင်းထားနိုင်မည့် ကိစ္စများ၊ သတင်းမှား၊ သတင်းတုများအတွက် သတင်းမှန်များ ထုတ်ပြန်ရေး ပေါင်းစပ်ဆောင်ရွက် သွားမည့် အစီအမံများကို ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

Visitors: 29,614