ကချင်ပြည်နယ်အတွင်း အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရာတွင် တစ်ရက်လုပ်ခ ၆၀၀၀ နှုန်းကို သင့်တင့်မျှတသော ဈေးနှုန်းအဖြစ် သုံးပွင့်ဆိုင်အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့

မြစ်ကြီးနား မတ် ၂၆

ကချင်ပြည်နယ်အတွင်း အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရာတွင် တစ်ရက်လုပ်ခ ၆၀၀၀ နှုန်းကို ပြည်နယ်အနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းအဖြစ် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး သုံးပွင့်ဆိုင်အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်လိုက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီ (ကချင် ပြည်နယ်) ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက ကချင်ပြည်နယ်အတွင်း အနည်းဆုံးအခကြေးငွေ အဆိုပြုဈေးနှုန်းကို မဖြစ်မနေ သတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရာတွင်လည်း အလုပ်ရှင်များ ဘက်မှ ပေးနိုင်မည့် နှုန်းထားဖြစ်ပြီး အလုပ်သမားများဘက်မှလည်း လက်ခံနိုင်မည့် သင့်တင့်သည့် နှုန်းထားသတ်မှတ်ပေးနိုင်မည်ဆိုလျှင် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုလည်း တိုး တက်လည်းလာမည် ဖြစ်သည့်အပြင် တရားဥပဒေစိုးမိုးရေးအတွက်လည်း အထောက်အကူပြုမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမိုးအောင်ခိုင်က ကချင်ပြည်နယ်အတွင်း အနည်းအခကြေးငွေအဆိုပြုနှုန်းထား သတ်မှတ် နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီညှိနှိုင်းအစည်းအဝေးတွင် အလုပ်ရှင်၊ အလုပ်သမား များဘက်မှ သတ်မှတ်အဆိုပြုဈေးနှုန်းကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ် ကော်မတီဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များက အနည်းဆုံးအခကြေးငွေပြင်ဆင်နိုင်ရေးအတွက် အဆိုပြုဈေးနှုန်းများဖြစ်သည့် ငွေကျပ် ၅၅၀၀၊ ၅၈၀၀ နှင့် ၆၀၀၀ အဖြစ် သတ်မှတ်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အများသဘောတူ ညီမှုဖြင့် ကချင်ပြည်နယ်၏ အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ၆၀၀၀ နှုန်းသည် သင့်တင့်မျှတ သည့် ဈေးနှုန်းအဖြစ် သတ်မှတ်အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ကချင်ပြည်နယ်၏ အနည်းဆုံးအခကြေးငွေ ပြင်ဆင်နိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်အဆင့် အနည်းဆုံးအခကြေးငွေလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခဲ့ပြီး မြစ်ကြီးနားခရိုင် တွင် အဆိုပြုဈေးနှုန်း ၅၅၀၀ ကျပ်၊ ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်တို့တွင် အဆိုပြုဈေးနှုန်း ၆၀၀၀ တို့ဖြင့်အများသဘောတူဆုံးဖြတ်ခဲ့သည့်အပေါ် ယနေ့ ပြည်နယ်ကော်မတီအစည်းအဝေးတွင် ညှိနှိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အတည်ပြုဆုံးဖြတ်လိုက်သည့် အဆိုပြုဈေးနှုန်း ၆၀၀၀ သည် အလုပ် သမားတစ်ဦး၏ ( ၁ )နာရီလျှင် ၇၅၀ နှုန်းဖြင့် အလုပ်ချိန် (၈)နာရီအတွက် တစ်ရက်လုပ်ခ ၆၀၀၀ ကျပ်ဖြစ်ကြောင်းနှင့် အဆိုပါ အတည်ပြုအဆိုဈေးနှုန်းကို ပြည်နယ်ကော်မတီမှ တစ်ဆင့် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရှိရသည်။

Visitors: 29,610