COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကချင်ပြည်နယ်အတွင်း ရပ်/ကျေးအဆင့်ထိ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းစောင့်ကြည့်ထိန်းချုပ်သွားမည်

မြစ်ကြီးနား မတ် ၂၄
အသက်ရှုလမ်းကြောင်းဆိုင်ရာပြင်းထန်အဆုတ်ရောင်ရောဂါ(COVID-19)ရောဂါပြန့်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် ရပ်ကွက်/ကျေးရွာအဆင့်ထိ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ထိန်းချုပ်ကာကွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ် အဆင့်လုပ်ငန်းကော်မတီအစည်းအဝေးမှ သိရှိရသည်။

အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ယနေ့ မိမိတို့ နိုင်ငံ တွင် COVID-19 ရောဂါပိုးတွေ့ရှိပြီဖြစ်သောကြောင့် ပြည်နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းအဖွဲ့ငယ် များ ဖွဲ့စည်းပြီး ရပ်ကွက်/ကျေးရွာများအထိ ထိန်းချုပ်ကာကွယ်နိုင်သွားနိုင်ရေး၊ အထူးသဖြင့် ဌာန ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မိမိတို့မှတစ်ဆင့် ပြည်သူအားလုံးက လုပ်ငန်းစဉ်အတွင်း ပူးပေါင်း ပါဝင်လာရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးဒေါက်တာနော် ရှဲထာက COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာ ကြားချက်များWHOမှထုတ်ပြန်ကြေညာထားသည့် လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ပြည်နယ် အတွင်း ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည် သူများပူးပေါင်းပါဝင်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင် ရာများက ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်များအတိုင်း လူစုလူဝေးဖြစ်စေသည့် ကိစ္စရပ်များမဖြစ်စေရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် ပြည်နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန် လည်ရောက်ရှိလာသူများအားထိန်းချုပ်စောင့်ကြည့်ရေးဆောင်ရွက်သွားမည့်အစီအမံများ၊ တရားဝင် နယ်စပ်အဝင်/အထွက်ဂိတ်များအား ထိန်းချုပ်ကန့်သတ်သွားရေး၊ ပြည်နယ်အတွင်းရှိ ဈေးအားလုံး တွင်ကာကွယ်ရေးလုပ်ငန်းများ ကြပ်မတ်သွားနိုင်ရေးနှင့်အသိပညာပေးရေး၊ ရောဂါဖြစ်ပွားမှုအတွက် သံသယလူနာများအားစောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင်ဆေးရုံကြီးအပြင် ယာယီအဆောက် အအုံများလျာထားသတ်မှတ်ထားရေး၊ရပ်ကွက်/ကျေးရွာများအထိ စောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်း အဖွဲ့ငယ်များဖွဲ့စည်းနိုင်ရေး၊လိုအပ်သည့်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရှာဖွေစုဆောင်း နိုင်ရေးအတွက် ဘဏ္ဍာရေးကော်မတီဖွဲ့စည်းရေး၊ သတင်းတု/ သတင်းမှားများအား သတင်းမှန်များ ဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် မတ် ၂၀ ရက်နေ့က အမိန့်အမှတ် (၁၂/ ၂၀၂၀)ဖြင့် အများပြည်သူပူးပေါင်းဆောင်ရွက်ရန် အချက် (၁၀)ချက်ပါဝင်သည့် အမိန့်ကြေညာစာတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး နယ်စပ်ဂိတ် အဝင်/အထွက်များကိုလည်း အထူးစောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Visitors: 29,959