COVID-2019 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်များအတိုင်း ဌာနဆိုင်ရာအချင်းချင်း အလေးထားလိုက်နာဆောင်ရွက်ရေး၊ ပြည်သူပူးပေါင်းပါဝင်လာစေရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၁၉

COVID-2019 ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး နှင့် ပြည်သူများအား အသိပေးပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးတို့အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက COVID-2019 ရောဂါပိုးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်များအတိုင်း လူစုလူဝေးဖြစ်စေသော ပွဲလမ်းသဘင် များ၊ သင်တန်းများ ကျင်းပပြုလုပ်ခြင်းမရှိစေရေးတို့ကို မိမိဌာနအောက်ရှိ ဝန်ထမ်းများအနေဖြင့် အလေး ထားလိုက်နာဆောင်ရွက်ကြရေး၊ ယနေ့အချိန်အထိ မိမိတို့နိုင်ငံတွင် ကူးစက်ရောဂါကပိုး မတွေ့ရှိရသေး သော်လည်း မိမိတို့ပြည်နယ်သည် တရုတ်နှင့် နီးစပ်စွာတည်ရှိသဖြင့် ပိုမိုအလေးထားလိုက်နာဆောင်ရွက် ကြရေး၊ မိမိတို့ ဌာနဆိုင်ရာအဖွဲ့အစည်းများသာမက ပြည်သူများအားလုံးက ပူးပေါင်းပါဝင်လာစေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းအပြင် စောင့်ကြည့်ထိန်းချုပ်‌ရေးလုပ်ငန်းများ၊ ပြည်နယ်အတွင်း သတင်းမှား၊ သတင်းတုများနှင့် ပတ်သက်၍ သတင်းမှန်များအချိန်နှင့် တစ်ပြေးညီထုတ်ပြန်ဆောင်ရွက် ကြရေးတို့ကို တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက COVID-2019 ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်အတွင်း ဆောင်ရွက်နေမှုအခြေအနေများ နှင့် ရောဂါပိုးကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များ ကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှ တာဝန်ရှိသူများနှင့် သင်တန်းများဖွင့်လှစ်မှုရပ်နားထားသည့်အခြေအနေများနှင့် ရုပ်ရှင်ရုံများ ယာယီပိတ်ထားရှိမှု၊ ဘာသာရေးပွဲများ၊ ဘာသာရေးကျောင်းများရှိ နွေရာသီသင်တန်းများ ပိတ်သိမ်းရေးတို့အပြင် မိဘမဲ့ဂေဟာနှင့် ဘိုးဘွားရိပ်သာများတွင် အသိပညာပေးရေး၊ ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် နိုင်ငံခြားသားနှင့် ဧည့်အဝင်အထွက်များ ထိန်းချုပ်ဆောင်ရွက်ရေး၊ အသိ ပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရေးလုပ်ငန်းများ၊ သတင်းမှား၊သတင်းတုများကို တုံပြန် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပက်သတ်၍ ဌာနဆိုင်ရာအခြင်းခြင်း ထိရောက်စွာပူးပေါင်းဆောင်ရွက် ရေးအတွက် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

Visitors: 27,046