ယခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်ကြောင့် လူစု လူဝေးမဖြစ်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပတော့မည်မဟုတ်

မြစ်ကြီးနား မတ် ၇

ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် (မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်) ဧပြီလအတွင်း ကျရောက် မည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ယခင်နှစ်များအတိုင်း ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ စည်ကားသိုက်မြှိုက်စွာ ကျင်းပတော့မည် မဟုတ်ကြောင်း မတ် ၆ ရက် မွန်းလွှဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုနှစ်သင်္ကြန်ပွဲတော် အား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO တို့၏ကြေညာချက်အတိုင်း လူစုလူဝေးခြင်းမဖြစ်ပေါ်စေရေးအတွက် မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်ကျင်း ပတော့မည်မဟုတ်ကြောင်း၊ သို့သော် အများပြည်သူအနေဖြင့် ဓလေ့ထုံးစံနှင့်အညီ ရေကစားခြင်းကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် တားမြစ်ကန့်သတ်သွားမည်မဟုတ်ဘဲ ကျန်းမာရေးနှင့် ထိခိုက်အန္တရာယ်ဖြစ် ပွားမှုမှ ကာကွယ်ရေးအတွက် လုံခြုံရေးရယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပမှုမရှိသော်လည်း အများပြည်သူ လုံခြုံရေးနှင့် ကျန်းမာရေးအသိပညာပေးကာကွယ်စောင့်ရှောက်မှုပေးရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများနှင့် နှစ်စဉ်မပျက်ကျင်းပမြဲဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် အန္တရာယ်ပရိတ်တရားတော်နာယူပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပူဇော်ပွဲနှင့် မြို့ပေါ်ဘုန်းတော် ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်ဘုရားကျောင်းများတွင် နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သ မှုခံယူခြင်းတို့အား ပြုလုပ်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်သစ်ကူးပွဲတော်များတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ပေးခဲ့သည်။

Image may contain: one or more people, people sitting and indoor
Visitors: 29,960