ရွှေကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း ကြည့်ရှုစစ်ဆေး

ရွှေကူ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော် ကျော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၃နာရီတွင် ရွှေကူမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မံဝိန်း ကျေးရွာအုပ်စု၊ တုံးကောက်ကျေးရွာ တောင်သူ ဦးချိုအေး၏ ဆောင်းပဲမျိုးစုံ စံပြစိုက်ကွက် အတွင်း စိုက်ပျိုးထားသော သီးနှံဖြစ်ထွန်းမှု အခြေအနေများအား ကြည့်ရှု့ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် စီသောင်ကျေးရွာသို့ သွားရောက်ပြီး အာရှ အောင်မြင်ဖွံ့ဖြိုးမှုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော စီသောင်ကျေးရွာနှင့် နောင်မို ကျေးရွာများတွင် ပေါင်းနက်ချောင်း ကျောက်စီရေကာနံရံပြုလုပ်ခြင်းလုပ်ငန်း စီမံကိန်းဆိုင်ရာ အချက်အလက်များကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်းပြခဲ့ပြီး ပြည်နယ်ဝန်ကြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ် နောင်လက်ကြီးကျေးရွာအနီး တွင် မန်းထင်ပေါ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ပေါင်းနက်ချောင်း ရေသွင်းမြောင်း တူးဖော်ခြင်းနှင့် မြောင်းထိပ်အဆောက်အအုံ ပြုလုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ရွှေကူမြို့ တွင် Super Frequency ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော အတိုင်းအတာ ၆၀ ပေ× ၄၂ ပေ ဝန်ထမ်းအိမ်ရာ R.C.C (၄)ခန်းတွဲ တစ်ထပ်တည်ဆောက်ခြင်း လုပ်ငန်းအခြေအနေများကို လည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြေးတိုင်စနစ်ဖြင့် ခွင့်ပြုထားသည့် ပကားအင်း ရေမြောင်းတူးဖော်ခြင်းအား သွားရောက်ကြည့်ရှု့ခဲ့ကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ရွှေကူမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမြေနေရာ အခြေအနေ အား ကြည့်ရှု့ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Visitors: 29,960