မြစ်ကြီးနားတက္ကသိုလ်တွင် ဆေးလိပ်ကင်းစင်သော နယ်မြေအဖြစ်ကြေညာခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီလ -၁၅

မြစ်ကြီးနားတက္ကသိုလ်တွင် ဆေးလိပ်ကင်းစင်သော နယ်မြေအဖြစ်ကြေညာခြင်း အထိမ်းအမှတ်နှင့် နံရံကပ်စာစောင်ပြိုင်ပွဲနှင့် ဆုနှင်းပွဲအခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီ (၁၄) ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းခဲ့သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက မြစ်ကြီးနား တက္ကသိုလ်ကို ဆေးလိပ်ကင်းစင်သော နယ်မြေဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် မြစ်ကြီးနားတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်ရေးကော်မတီဥက္ကဌ ဒုတိယပါမောက္ခချုပ် ဒေါ်အေးအေးကိုက ဆေးလိပ်ငွေ့ကင်းစင်သောနယ်မြေ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး တက္ကသိုလ် ကျောင်းသား/သူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာလာဘော်က ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိကောင်းစရာများကိုပြောကြားသည်။ ထို့နောက်ဆေးလိပ် အန္တရာယ်နှင့်ပတ်သက်သည့် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ပန်းချီ၊ ကာတွန်းနှင့် နံရံကပ်စာစောင်ပြိုင်ပွဲ များတွင် ဆုရရှိသောကျောင်းသား/သူ (၂၇)ဦးတို့အား ပြည်နယ်ဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိ သူများက ဆုငွေနှင့်ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

Visitors: 27,045