မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းအခမ်းအနားကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁
စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းအစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရေးအတွက် အကြံဉာဏ်ရယူခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က စီမံကိန်းသည် အရွေးခံရသည့် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံးတွင် အကောင်အထည်ဖော်ပေးမည်ဖြစ်သည့်အတွက် ကျေးလက် ဆင်းရဲမှုနှုန်းလျှော့ချရေးကို အဓိကထောက်ကူသွားမည်ဖြစ်ပြီး မြို့ပြနှင့်ကျေးလက် ကွာဟချက်ကိုလည်း ကျဉ်းမြောင်းလာစေရေး မျှော်လင့်နိုင်မည်ဖြစ်ကြောင်းနှင့် ရွေးချယ်ခံရသည့် မြို့နယ်အနေဖြင့် ကျေးရွာ နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စွမ်းဆောင်ရည်များ မြင့်မားလာမည်ဖြစ်သည့်အတွက် စီမံကိန်း အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုး နိုင်အောင်က မြန်မာနိုင်ငံတစ်ဝှမ်းနှင့် ကချင်ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့နယ်အသီးသီးမှ ပြည်သူများနှင့်အတူ အုပ်စု (၁၀)ဖွဲ့ခွဲ၍ သတ်မှတ်ချက်များအတိုင်း စီမံကိန်းမြို့နယ်ရွေးချယ်ကြပြီး ညွှန်ကြားရေးမှူးက ကချင်ပြည် နယ်အတွင်း စီမံကိန်းမြို့နယ်အဖြစ် ဦးစားပေးမြို့နယ်များဖြစ်သည့် ဝိုင်းမော်၊ မိုးညှင်း၊ ဖားကန့်မြို့နယ် တို့ကို ရွေးချယ်ကြေညာသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လူထုဗဟိုပြုစီမံကိန်းကို မြန်မာနိုင်ငံ အတွင်း နိုင်ငံတော်အစိုးရထည့်ဝင်ငွေ၊ ကမ္ဘာ့ဘဏ်နှင့် အီတလီအစိုးရတို့၏ ရန်ပုံငွေများပါဝင်သည့် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅၄၇)သန်းဖြင့် မြို့နယ် (၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ကချင်ပြည်နယ်အတွင်း မိုးကောင်း၊ ရွှေကူနှင့် ပူတာအို (၃)မြို့နယ်အတွင်းရှိ ကျေးရွာ (၂၇၈)ရွာတွင် လုပ်ငန်းခွဲပေါင်း (၇၄၆)ခုကို ရန်ပုံငွေကျပ် (၇၂၇၁)သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် လူထုဗဟိုပြုစီမံကိန်းမြို့နယ် (၁၃)မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်မည်ဖြစ်ရာ ကချင်ပြည်နယ်မှ မြို့နယ်တစ်မြို့နယ်ရရှိသဖြင့် ယခုလို ရွေးချယ်ခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
Visitors: 33,201