တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့မှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားအလုပ်သမား များအား ကန်ပိုက်တီနယ်စပ်ဂိတ်၌ ကျန်းမာရေးစစ်ဆေးမှုတိုးမြှင့်လက်ခံဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား ဇန်နဝါရီ ၂၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့မှ ပြန်လည်ရောက်ရှိသည့် မြန်မာနိုင်ငံသားအလုပ်သမား များအား ကန်ပိုက်တီနယ်စပ်ဂိတ်၌ ဇန်နဝါရီ ၂၈ ရက်မှ စတင်၍ ဝူဟန်ကိုရိုနာဗိုင်းရပ်ရောဂါပိုးတားဆီး ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန် မှုဖြင့်တိုးမြှင့်လက်ခံဆောင်ရွက်လျက်ရှိကြောင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှ သိရှိရသည်။
မြန်မာနိုင်ငံသားအလုပ်သမားများ ပြန်လည်လက်ခံမှုနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝင်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက “ကျွန်တော်တို့ ၂၈ ရက်နေ့က အရေးပေါ်အစည်းအဝေးလုပ်ပြီးတော့ ထိန်ချုံးမှာရှိတဲ့ မြန်မာနိုင်ငံသား ၃၀၀ ပြန်လာမယ်လို့ပြောတဲ့ အတွက် ဆက်စပ်ဌာနတွေနဲ့ Teamအဖွဲ့တွေ ဖွဲ့ပြီးတော့ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးတာတွေ၊ တခြား လိုအပ်တာတွေ ထောက်ပံ့ပေးဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနေပါတယ်” ဟုပြော ကြားသည်။
ကန်ပိုက်တီနယ်စပ်ဂိတ်၌ ဝူဟန်ကိုရိုနာဗိုင်းရပ်တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးစစ် ဆေးမှုများကို မြန်မာ-တရုတ်ချစ်ကြည်ရေးလှိုဏ်ခေါင်းအနီး ယာယီစခန်းဖွင့်လှစ်ပြီး ဆောင်ရွက်လျက် ရှိရာ လတ်တလောအခြေအနေနှင့် ပတ်သက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က “လက်ရှိကတော့ ကျွန်တော်တို့ ဒီမှာရှိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းအစုအဖွဲ့အပြင် ကျန်းမာရေးဝန်ထမ်းတွေ ထပ်ရောက် လာတယ်၊ ခရိုင်ကနေပြီး ယာယီတဲ ၂ လုံး ထပ်ပို့ထားတာရှိတယ်၊ ဝင်ရောက်လာတဲ့သူတွေကို ကျန်းမာ ရေးဌာနက စနစ်တကျစစ်ဆေးပြီး စစ်ဆေးချက်နဲ့ လဝက ကလည်း စာရင်းကောက်ယူပြီး စိစစ်ခွင့်ပြု ပေးပါတယ်၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ကျွန်တော်တို့ ဌာနဆိုင်ရာအားလုံးက အနီး ကပ်စစ်ဆေးပြီး ပေါင်းစပ်လုပ်ကိုင်နေပါတယ်” ဟုပြောကြားသည်။
ထို့အပြင် မြို့ဆရာဝန်ဒေါက်တာတင်မိုးဝင်းက “ဝင်လာတဲ့သူတွေကို အဖျား ရှိ/မရှိ အပူချိန်တိုင်း နည်း ၃ မျိုးနဲ့ တိုင်းတာတယ်၊ အဖျား ၃၈ နဲ့ အထက်ရှိနေတဲ့ လူကိုတွေ့ရှိခဲ့ရင် သေချာပြန်စစ်ဆေးတယ်၊ ခုထိတော့ မရှိသေးပါဘူး၊ အဖျားရှိနေတယ်၊ မြန်မာနိုင်ငံသားဆိုရင် ကန်ပိုက်တီဆေးရုံမှာ သီးသန့်လူနာ ခန်းစီစဉ်ထားပြီး သီးခြားစောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်၊ ဒီနေ့ဆိုရင် ရွက်ဖျင်တဲလဲတိုးလာသလို ကျန်းမာရေးဝန်ထမ်းနောက်ထပ် ၅ဦးလဲ တိုးထားပါတယ်၊ မကြာခင်မှာလည်း ပြည်နယ်ကနေပြီးတခြား ဂိတ်တွေလိုအပူချိန်တိုင်းတာစက်ရောက်လာမယ်လို့လဲပြောပါတယ်” ဟု ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဇန်နဝါရီ ၂၈ ရက်တွင် ကန်ပိုက်တီဂိတ်မှ မြန်မာနိုင်ငံသားအလုပ်သမားများနှင့် တရုတ်နိုင်ငံသား များအပါအဝင် ဝင်ရောက်လာသူ (၆၇၃)ဦး ထိရှိခဲ့ပြီး တရုတ်နိုင်ငံဖက်သို့ ပြန်လည်ထွက်ခွာသူ ၃၁ ဦးရှိ ကြောင်း စာရင်းများအရသိရှိရပြီး ယမန်နေ့က ကျန်းမာရေးစစ်ဆေးရာတွင် တရုတ်နိုင်ငံသား ၃ ဦးသည် ကိုယ်အပူချိန် ၁၀၃၊ ၁၀၄၊ ၁၀၅ ရှိနေ့သည့်အတွက် တရုတ်နိုင်ငံထဲကို ပြန်လည်စေလွှတ်ခဲ့ကြောင်းနှင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုကြီးကြပ်ပေး နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးပြီးကြောင်း သတ်မှတ်ချက်နှင့် ကိုယ်ရေးအချက်အလက်များမှတ် တမ်းပြုစုထားကြောင်းကိုလည်း သိရှိရသည်။
အလားတူ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်အပြင် အခြားနယ်စပ်ဂိတ်များဖြစ် သည့် ပန်ဝါနှင့် လွယ်ဂျယ်ဂိတ်များတွင်လည်း ဝူဟန်ကိုရိုနာဗိုင်းရပ်ပိုး တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယမန်နေ့က အရေးပေါ် အစည်းအဝေးခေါ်ယူကျင်းပခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းရေးစီမံဆောင်ရွက်ပေးခဲ့သည်။
Visitors: 33,201