Wuhan Coronavirus ဝင်ရောက်ပြန့်ပွားမှုမရှိစေရေးအတွက် လွယ်ဂျယ်မြို့ နယ်စပ်အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုနှင့် နှာခေါင်းစည်း Face Masks များ အခမဲ့ဖြန့်ဝေ

ဗန်းမော် ဇန်နဝါရီ ၂၈
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားနေသော Wuhan Coronavirus နှင့် ပတ်သက်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နိမိတ်ခြင်း ထိစပ်နေသော နယ်စပ်မြို့ဖြစ်သည်နှင့်အညီ အဆိုပါ Wuhan Coronavirus ဝင်ရောက်ပြန့်ပွားမှုမရှိစေရေးအတွက် နယ်စပ်အဝင်/အထွက်ဂိတ်အမှတ်(၁)နှင့်(၂)တို့တွင် ဝင်ထွက်သွားသူများအား ကျန်းမာရေးစစ်ဆေးမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း နှင့်ဝန်ထမ်းများ၊ လွယ်ဂျယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာလှအောင်နှင့် ကျန်းမာရေးဝန်ထမ်းများတို့က ဇန်နဝါရီလ ၂၄ ရက်နေ့က စ၍ (Fever Surveillance) စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
အလားတူ ဇန်နဝါရီလ ၂၈ ရက် နံနက်(၁ဝ)နာရီက နယ်စပ်စစ်ဆေးရေးဂိတ် အမှတ်(၁)၊(၂)နှင့် နယ်စပ်လမ်းတစ်လျှောက် တရုတ်နိုင်ငံသို့ ဝင်ထွက်သွားလာသူ ခရီးသွားပြည်သူများအား မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ လွယ်ဂျယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာလှအောင်၊ နယ်စပ်စစ်ဆေးရေးစခန်း အဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက Wuhan Coronavirus ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Face Masks) (၂ဝဝ)ခုကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
Visitors: 33,310