ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ပြည်နယ်အစိုးရဖွဲ့ရုံး မလိခခန်းမ၌ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က စီမံကိန်းလုပ် ငန်းများ၊ ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီစွာ အချိန်နှင့်တစ်ပြေးညီပြီးမြောက်စေရန် ဒေသဆိုင်ရာ ခရိုင်၊ မြို့နယ်၊ မြို့အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင် ရာဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အကောင်းဆုံးတာဝန်ကျေပွန်အောင်ဆောင်ရွက်ကြ ရေး၊ လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ပြည်သူအင်အားသည်အရေးကြီးသည့်အတွက် ပြည်သူ အားလုံးက ပူးပေါင်းပါဝင်လာစေရေး ဌာနဆိုင်ရာများအနေဖြင့် ပြည်သူတွေအားလုံး၏ လေးစားယုံ ကြည်လာစေရန် ကျင့်ကြံပြုမှုနေထိုင်သွားကြရေး၊ ဒါ့အပြင် ပြည်သူများက အကူအညီတောင်းခံလာပါက အချိန်မဆွဲဘဲ ချက်ချင်းအကူအညီပေးကြရေး၊ သို့မှသာ တစ်ဦးပေါ်တစ်ဦး အပြန်အလှန်လေးစားပြီး ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်ချက်များအပြင် ကြုံတွေ့ ရသည့် အခက်အခဲနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြရေးမှာကြားသည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း လုပ်ငန်းဆောင်ရွက် နိုင်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဖြေရှင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းကဏ္ဍအလိုက် ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြသည်။
ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လုပ်ငန်းကဏ္ဍအလိုက် ဖြည့်စွက်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို လည်းကောင်း အကြံပြုဖြည့်စွက်ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီး ချုပ်က လုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်ပြီးစီးရေး ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်၊ မြို့နယ်နှင့် မြို့အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Visitors: 33,309