ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့နှင့် ဒုတိယနေ့များကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၁၇
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဖားကန့်မြို့နယ်၊ ကသိုင်းတောင် တက်/ဆင်းလမ်းသည်နှစ်စဉ် တောင်ကျရေများကြောင့် ပျက်စီးနေသဖြင့် မိုးတွင်းကာလတွင် သွားလာ ရန်ခက်ခဲသောကြောင့် အဆိုပါ တောင်တက်/ဆင်းလမ်း တာမခံ၊ ဟောင်ပါးလမ်းများကို ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာအုပ်စု၊ ပျော် ဘွယ်ကျေးရွာ၊ တုံးလုံကွင်း၊ကွင်းအမှတ် (၃၁၄) တောင်သူဦးရေ (၁၆)ဦး ဧရိယာ(၁၅၀)ဧက၊ ညောင်ကိုင်း ကျေးရွာအုပ်စု၊နန့်မော်တောင်းကွင်း၊ ကွင်းအမှတ်(၃၃၅)၊ တောင်သူဦးရေ (၉)ဦး၊ ဧရိယာ(၆၅.၅၀)ဧကနှင့် ဟွေပင်ကွင်း၊ ကွင်းအမှတ်(၃၃၅) တောင်သူ(၆)ဦး ဧရိယာ(၁၀၀.၅)ဧကတို့ရှိ တောင်သူလယ်သမားများ သည် ကိုယ်ထူကိုယ်ထ သဲအိတ်ဆည်/သစ်ခက်ဆည်တို့ဖြင့် ရေသွင်းစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်ရေတိုက် စားမျုကြောင့် ဆည်ဆောက်ရာတွင် များစွာအခက်အခဲရှိနေပါသဖြင့် အဆင့်မြင့်ကွန်ကရစ်ဆည်များ အဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၁၁)ခုကို မေး မြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီက “ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကြမ်း” ကို တင်သွင်းရာ ဥပဒေကြမ်းကော်မတီက အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ စိစစ်ချက်အစီရင်ခံစာကို တင်သွင်းသည်။
ထို့နောက် ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာက “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ခေါင်လန်ဖူးမြို့နယ်အတွင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် (၂၃)ပေအကျယ် ဆောင်ရွက်ရမည့် ရွာချင်းဆက်များဖြစ်သော (က) ဂျေခါး-ပီသျှူးမီဒီ- ဇာညီးဒီး-ရှီဂူလီလော်-လာတီးရွာချင်းဆက်လမ်း(၄)မိုင်၊ (ခ)ထမိုင် - အော်တော်ဒီ - ဗဇူး -လော်ဝူးချီလာ ရွာချင်းဆက်လမ်း (၈)မိုင်အနက် (၄)မိုင်၊ (ဂ) ညီတားဒီ-ရှားချီဝါဇွေ ရွာချင်းဆက်လမ်း (၁)မိုင်လမ်းများ ဖောက်လုပ်ခြင်းတို့ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ရာတွင် (၆)ပေ အကျယ်သာ ဆောက်လုပ်ပြီး လုပ်ငန်းခေါင်းစဉ်ပြောင်း ဆောင်ရွက်မည်ဟု ကြားသိရပါသဖြင့် အဆိုပါ လမ်းများကို (၂၃)ပေအစား(၁၂)ပေအကျယ်လမ်းများအဖြစ် ဆောင်ရွက်ပေးပြီး ပိုလျှံငွေများကို ၎င်းလမ်း များအရှည်မိုင်တိုးမြှင့်ဆောင်ရွက်ပေးနိုင်ပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ ယင်းအဆိုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ လွှတ်တော်က ဆွေးနွေးသင့်ကြောင်း ဆုံးဖြတ်ပြီး အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက် သည်။
အလားတူ အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၁၁) ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော်စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီက တင်သွင်းထားခဲ့သော “ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် ဥပဒေကြမ်းကို အစည်းအဝေးတတိယနေ့တွင် အတည်ပြုမည်ဖြစ် ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် အစည်းအဝေး ပထမနေ့တွင် ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာ တင်သွင်းထားသည့် အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်(၂)ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ရှင်း လင်းဖြေကြားကာ လွှတ်တော်အဆုံးအဖြစ်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၁)မဲ၊ ကန့်ကွက်မဲ (၁၅)မဲ၊ ကြားနေမဲ(၁)မဲဖြင့်လွှတ်တော်က အဆိုအား အတည်ပြုကြောင်းဆုံးဖြတ်လိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်သည်။
Visitors: 23,680