နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ % ပြည့်မြောက်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း၌ ၆၀% ကျော် မီးလင်းနိုင်ခဲ့ပြီဖြစ်

မြစ်ကြီးနား ဒီဇင်ဘာ ၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံ လုံး၏ ၅၀% ပြည့်မြောက်ပြီး ကချင်ပြည်နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၆၀ % ကျော် မီးလင်း နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကချင် ပြည်နယ်ရုံး၌ ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀% ပြည့်မြောက်သည့် အခမ်းအနားမှ သိရှိရသည်။
အဆိုပါ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ % ပြည့်မြောက်သည့် အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးဝင်းညွန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မိမိတို့အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူတို့၏ဖွံ့ဖြိုးတိုးတက်မှုကိုမျှော်မှန်းပြီး ကချင်ပြည်နယ်အတွင်းရှိ ခရိုင် (၄)ခရိုင်ကို ဟန်ချက်ညီစွာဖြင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ခွဲရုံများတည်ဆောက်ခြင်း၊ ရှိပြီးသောလျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အလေး ထားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကျင်းပသော တစ်နိုင်ငံလုံး မီးသုံးစွဲသူအိမ်ထောင်စု (၅၀%) ပြည့် မြောက်သည့်ပွဲဟုဆိုသော်လည်း ကချင်ပြည်နယ်တွင် (၆၁.၉) ရာခိုင်နှုန်းအထိ မီးလင်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ကျပ်သန်း (၂၀၀၃၆၅.၇)ထိ လျာထားမှုရှိပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အိမ်ထောင်စု (၁၈၃၄၉၉)ဦးကို လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်သဖြင့် ပြည်နယ်တစ်ခုလုံး၏ (၆၈.၁၁)ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက လျှပ်စစ်ဓာတ် အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ % နှုန်းပြည့်မြောက်ခဲ့ခြင်းနှင့် ကချင်ပြည်နယ်အတွင်း ဘဏ္ဍာနှစ် အလိုက် လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ ပြသထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ဘဏ္ဍာနှစ်အလိုက် လျှပ်စစ်ဓာတ်အားတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပြည်နယ်အတွင်းရှိ အိမ်ထောင်စုဦးရေ (၂၆၉၃၆၅)ဦးရှိသည့်အနက် အိမ်ထောင်စု (၁၆၆၈၃၄)ဦး မီးပေးနိုင်ခဲ့ပြီး မီးမရရှိသေးသည့် အိမ်ထောင်စု ဦးရေ (၁၀၂၅၃၁)ဦးတို့အတွက် မီးလင်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ရာခိုင်နှုန်းအားဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလအထိ အိမ်ထောင်စုဦးရေ (၂၆၉၃၆၅) ဦးအနက် လျှပ်စစ်မီး သုံးစွဲသူ (၉၉၇၄၉)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၃၆.၉၃) ရှိရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၂၈၂၀၃.၇)သန်း သုံးစွဲ၍ (၄၅.၇၈)ရာခိုင်နှုန်းအထိလည်း ကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၁၄၅၁၃.၄)ကို သုံးစွဲ၍ (၄၉.၄၃)ရာခိုင်နှုန်း၊ ၂၀၁၈ မီနီဘတ်ဂျတ်တွင် ကျပ်သန်း (၂၂၁၉.၅) သန်း သုံးစွဲ၍ (၅၃.၀၃)ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၁၅၆၆၂.၇)သုံးစွဲ၍ (၆၀.၆၉)ရာခိုင်နှုန်းအထိလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပုဂ္ဂလိက မီးလင်းရေးအဖွဲ့အစည်းများမှ ဖြန့်ဖြူးပေးထားသော အိမ်ထောင်စု (၃၃၃၅)ဦးကို ထည့်သွင်းတွက်ချက်ပါက အိမ်ထောင်စုအားလုံး၏ ရာခိုင်နှုန်းအား(၆၁.၉)ရာခိုင်နှုန်း မီးလင်းခဲ့ပြီးဖြစ်သည်။
 
Visitors: 29,944