မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၃
၂၀၁၉ ခုနှစ်အတွက် အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပရာ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများ တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မသန်စွမ်းသူများအတွက် ရပ်ရွာ အခြေပြုပြန်လည်ထူထောင်ရေး၊ လှုပ်ရှားသွားနိုင်မှုအတွက် အားပြုကိရိယာနှင့် အထောက်အကူပစ္စည်း များရရှိစေရေး၊ အတားအဆီးကင်းသောပတ်ဝန်းကျင်များ တည်ဆောက်ပေးရေး၊ မြေမြှပ်မိုင်းများကြောင့် မသန်စွမ်းဖြစ်ကြရသူများအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြရေး၊ ထို့အပြင် မသန်စွမ်းသူတို့၏ ဘဝစွမ်းဆောင်ရည်မြင့်မားလာစေရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပိုမိုကောင်းမွန်သောအနာဂတ် ကိုလက်လှမ်းမီရရှိနိုင်စေရေးတို့အတွက် ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲအတားအဆီး အမျိုးမျိုးကို သိရှိနားလည်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး အမြင်သဘောထားတွေပြောင်းလဲကာ အားလုံး ပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်အောင်ဝင်းက အထိမ်းအမှတ်နေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး ICRC (မြစ်ကြီးနား)ရုံးမှ တာဝန်ခံ Mrs.Char Lohe Nicole က ကချင်ပြည်နယ်အတွင်း မသန်စွမ်းသူများ အတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အထိမ်းအမှတ်နေ့အတွက် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိရသည့် ကျောင်းသား/ သူများနှင့် မသန်စွမ်းသူများ၏ စစ်တုရင်ပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှု ရေးဝန်ကြီးတို့က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ မသန်စွမ်းသူများကိုယ်စား ကချင်ပြည်နယ် မသန်စွမ်းသူများအသင်းဒုတိယဥက္ကဋ္ဌ ဦးအိုလယ်က ကျေးဇူးတင်ဝမ်းမြောက်စကားပြန်လည်ပြောကြား သည်။
ထို့နောက် မသန်စွမ်းသူများ၏ အတားအဆီးများနှင့် အခက်အခဲများ၊ စွမ်းဆောင်ရည်များနှင့် ပတ်သက်သည့် မှတ်တမ်း ဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသပြီး မသန်စွမ်းသူများက စုပေါင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မသန်စွမ်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ INGO NGO အဖွဲ့များက အထိမ်းအမှတ်နေ့အတွက် ပြသထားသည့် ပြခန်းငယ်နှင့် မသန်စွမ်းသုံးအထောက်အကူပစ္စည်းများ ပြသထားရှိမှုတို့ကို ကြည့်ရှုအား ပေးခဲ့ကြသည်။
Visitors: 37,793