ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတ်အားသမျှကူညီပံ့ပိုးပေးသွားမည်

မြစ်ကြီးနား အောက်တိုဘာ ၅
ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး(MSME)အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတ်အားသမျှ ကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ်အတွင်း MSME Action Plan ဖော်ထုတ်ရေး (၂)ရက်တာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးပွဲတွင် အုပ်စု အသီးသီးမှ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို သက်ဆိုင်ရာ သတ်မှတ်အချိန်ကာလအလိုက် အကောင်အထည် ဖော်ဆောင်ရွက် ကြရေး၊ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်းအသီးသီး အားလုံးမှ တာဝန်ရှိသူများက မိမိတို့ကျရာကဏ္ဍအသီးသီးတွင် မိမိတို့ ပြည်နယ်၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စည်းလုံးတက်ကြွစွာပါဝင်ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ (၂)ရက်တာ အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟို MSME အေဂျင်စီအဖွဲ့ဝင်များနှင့် ဆက်စပ်ဌာန ဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ SME လုပ်ငန်းရှင်များက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အခွန်အခဆိုင်ရာ၊ ထုတ်လုပ်မှုစွမ်းအားနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ၊ အမျိုးသမီးနှင့် လူငယ်များလုပ်ငန်း စတင် ဆောင်ရွက်သူများမြှင့်တင်ရေးဆိုင်ရာ၊ ချေးငွေရရှိမှုဆိုင်ရာ၊ ဈေးကွက် ရရှိ ရေးနှင့် နိုင်ငံတကာအဆင့်သို့ ဝင်ရောက်ရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေသော SME လုပ်ငန်းများဆိုင်ရာ၊ လူမှုအကျိုး ပြုလုပ် ငန်း များနှင့်အားလုံးပါဝင်သော SME လုပ်ငန်းများဆိုင်ရာ၊ အထောက်အကူပြုအဖွဲ့အစည်း မူဘောင်ဆိုင်ရာစသည့် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍ အုပ်စု (၈)ခုခွဲ၍ ဆွေးနွေး သုံးသပ်ခြင်းဖြစ်သည်။
Visitors: 21,945