ကချင်ပြည်နယ် MSME Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်

မြစ်ကြီးနား အောက်တိုဘာ ၃
အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(MSME)အတွက် ထိထိရောက်ရောက်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအေဂျင်စီနှင့် ကချင် ပြည်နယ်အေဂျင်စီတို့၏ တွေ့ဆုံဆွေးနွေးပွဲနှင့် ကချင်ပြည်နယ် MSME Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲတို့ကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဗဟို MSME အေဂျင်စီနှင့် ကချင်ပြည်နယ် MSMEအေဂျင်စီတို့တွေ့ဆုံ၍ ပြည်နယ်အေဂျင်စီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ဗဟိုအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ ကအမှာစကားပြောကြားခဲ့ကြပြီး ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းရှင်များအား ဥပဒေလုပ်ထုံးလုပ်နည်းများအသိပညာပေး နိုင်ရေး၊ စီးပွားရေးနှင့် နည်းပညာအထောက်အကူ ပြုသင်တန်းများနှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှု သင်တန်းများဖွင့်လှစ်ပေးနိုင်ရေး၊ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး၊ ချေးငွေလိုအပ်ချက်အတွက် ဖြေလျှော့ ပေးရေးစသည့် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့တော်ခန်းမ၌ ကချင်ပြည်နယ် MSME Action Plan ဖော်ထုတ်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရာ ပြည်နယ်အေဂျင်စီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိကချင်ပြည်နယ်သည် သဘာဝ အရင်းအမြစ်များ ပေါများကြွယ်ဝသည့်အတွက် အားသာချက်များစွာရှိကြောင်း၊ ထိုအရင်းအမြစ်များကို အကျိုးရှိစွာအသုံး ချပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ခြင်း၊ တရုတ်နှင့် အိန္ဒိယအင်အားကြီး နိုင်ငံ (၂)ခုကြားတွင် တည်ရှိနေခြင်းတို့ကြောင့် ထိုအားသာချက်များကို အခွင့်အလမ်းအဖြစ် တည်ဆောက် အသုံးပြုစေလိုကြောင်း၊ ဒါ့အပြင်နိုင်ငံတော်နှင့် ပြည်နယ်အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် အဓိက မောင်းနှင်အားဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးစေရေးအတွက် နယ်ပယ်၊ ကဏ္ဍစုံလင်စွာ ဝိုင်းဝန်း ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဗဟိုအေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဗဟိုအေဂျင်စီအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသအေဂျင်စီများနှင့် ထိတွေ့ပြီး Action Plan ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲများကို ဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ်သည် (၁၂)ခုမြောက်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ တစ်ခုနှင်တစ်ခု မတူညီပဲထူးခြားမှုများရှိသည့်အတွက် ၎င်းမတူညီမှုများအပေါ် အခြေခံ ၍ မဟာဗျူဟာရေးဆွဲရာတွင် အခြေခံအချက်တွေကို စဉ်းစားပြီး ပြည်နယ်အတွက် အသင့်တော်ဆုံး အကောင်းဆုံးနည်းလမ်းတွေကို ဝိုင်းဝန်းအဖြေရှာနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ဗဟိုအေဂျင်စီဥက္ကဋ္ဌက အလုပ်ရုံဆွေးနွေးပွဲတွငင် ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးမည့် PS Business School မှ CEO ဦးမျိုးမင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ဦးမျိုးမင်းက အလုပ်ရုံဆွေနွေးပွဲတွင် ဆွေးနွေးဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးကို ဗဟိုအေဂျင်စီအဖွဲ့ဝင်များနှင့်အတူ ပြည်နယ်အတွင်းရှိ ဆက်စပ် ဌာနဆိုင်ရာများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ်များ အလိုက် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများနှင့် အတည်ပြုချက်ရယူခြင်းများကို (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 21,945