ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မဏ္ဍိုင် (၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား စက်တင်ဘာ ၃၀
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှစီစဉ်ကျင်းပသော ကချင်ပြည်နယ်အတွင်းရှိ သတင်းမီဒီယာ သမားများအနေဖြင့် သတင်းမီဒီယာကျင့်ဝတ်စည်းကမ်းများနှင့်အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေးမဏ္ဍိုင် (၃)ရပ်တို့မှ သတင်းများရယူထုတ်ပြန် ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စွာဆောင် ရွက်နိုင်ရေးအတွက် မဏ္ဍိုင်(၄)ရပ်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က မဏ္ဍိုင် (၄) ရပ်တွေ့ဆုံပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် သတင်းထောက်များ၊ သတင်းမီဒီယာသမားများ သတင်းအချက်အလက်ရယူမှုနှင့်ပတ်သက်၍ စိန်ခေါ်မှုများကို မဏ္ဍိုင်(၄)ရပ်အကြား အပြန်အလှန်လေးစား ယုံကြည်မှုရှိစေရေးတို့အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံတော်ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးတွင်သတင်းမီဒီယာမဏ္ဍိုင်သည် အင်မတန်အရေးကြီး ပါကြောင်း၊မဏ္ဍိုင်(၃)ရပ်ယိမ်းယိုင်မှုမရှိအောင် ထိန်းချုပ်သည့်နေရာတွင် သတင်းမီဒီယာမဏ္ဍိုင်က အပြု သဘောဆောင်၍ ထောက်ပြနိုင်မည်ဆိုပါက ပိုမိုတည့်မတ်ခိုင်မာစွာ ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်း၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်သည့် သတင်းများကို ပြည်သူလူထုထံချပြစေလိုကြောင်း တိုက် တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ) ဦးခန်လင်က လွှတ်တော်၏ ဆောင်ရွက်နေမှုများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ တရားစီရင်ရေးကဏ္ဍ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာပုံနှင့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာသမားများက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများအတွင်း သတင်းအချက်အလက်ရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေလျော့ဆောင်ရွက်ပေးရမည့် အကြောင်းအရာများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရအဖွဲ့မှ ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် သတင်းမီဒီယာများဘက်မှ ထပ်မံသိရှိလိုသည်များနှင့် ပတ်သက်၍ မေးမြန်းမှု များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာမျိုးသန့်တင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥပဒေပြုရေးမဏ္ဍိုင်မှ ပြည်နယ်လွှတ် တော်ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊တရားစီရင်ရေးမဏ္ဍိုင်မှ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားသူကြီးများ၊ သတင်းမီဒီယာမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အခြေစိုက်သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။
Visitors: 22,168