မြစ်ကြီးနားမြို့၌ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၁
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ကချင်ပြည်နယ် အတွင်းရှိ မှုခင်းဖော်ထုတ်နိုင်မှု ထူးချွန်ဆုရသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ထံမှ ပေးပို့လာသော (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထက်လွင်က ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်အတွင်း မှုခင်းဖော်ထုတ်နိုင်မှုအတွက် အမှုထမ်းကောင်းလက်မှတ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ အမှုအား စွမ်းစွမ်းတမံမှုခင်းဖော်ထုတ်နိုင်ခဲ့ကြသည့် မြစ်ကြီးနားခရိုင်နှင့် မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်(၅)ဦး၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုအား စွမ်းစွမ်းတမံမှုခင်းဖော် ထုတ်နိုင်ခဲ့ကြသည့် မြစ်ကြီးနားခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် (၄)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုအား စွမ်းစွမ်းတမံမှုခင်း ဖော်ထုတ်နိုင်သည့် ပင်းဘောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လုံတုံနယ်မြေ ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင် (၉)ဦးတို့အား အသီးသီးဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသော ရဲတပ်ဖွဲ့ကြိုးပမ်း ဆောင်ရွက်ချက် ဗီဒီဖိုင်အားဖွင့်လှစ်ပြသခြင်းနှင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့၏ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်အပေါ်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြခန်းငယ် ခင်းကျင်းပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Visitors: 21,945