အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား အောက်တိုဘာ ၁
အသက်ကြောင့် မခွဲခြားတို့ဘိုးဘွား၊ စွမ်းအားတူညီလျှောက်လမ်းမည် ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ် သက်ကြီးဘိုးဘွားများအား ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်၌ အခမ်းအနား ပြုလုပ်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ဂါဝရပြုပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အဘိုး/ အဘွားများအား ဂါဝရပြုကန်တော့ကြပြီး အဘိုး အဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တက်ရောက် လာကြသူများက အခမ်းအနားတက်ရောက်လာကြသည့် အဘိုးအဘွား ၅၀ ဦးနှင့် တက်ရောက်နိုင်ခြင်း မရှိသည့် အဘိုးအဘွား ၆၈၈ ဦး စုစုပေါင်း အဘိုးအဘွား (၇၃၈)ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ အဘိုး/အဘွားတစ်ဦးလျင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၂၁၄၀၀၀၀ နှင့် အဝတ်အထည်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ ခြုံစောင်နှင့်တဘက်များကို ဂါဝရပြုထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယနေ့ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ကျန်အဘိုးအဘွားများအား နေအိမ်များသို့ အရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 21,945