ဟိုပင်၌ လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း

ဟိုပင် စက်တင်ဘာ ၂၁

ဟိုပင်မြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်၊ အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဒေသထွက်ကုန်များအား နည်းပညာဖြင့်ပေါင်းစပ်ခြင်းအားဖြင့် တန်ဖိုးဖြင့် ကုန်ပစ္စည်းများအဖြစ် ဈေးကွက်ရရှိရေး၊ ဆက်လက်ပြီး အလားတူသင်တန်းများကို ဖွင့်လှစ်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက သင်တန်းများကိုယ်စား သင်တန်းသူတစ်ဦးထံပေးအပ်ရာ သင်တန်းသူများက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။

ယင်းနောက် ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ခဲ့မှုနှင့် ဆက်လက်ဖွင့်လှစ်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အဆင်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား၊သူများ လက်တွေ့ထုတ်လုပ်ထားသည့် အလှကုန်ပစ္စည်းများပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိသင်တန်းသား ၇၀ ဦးဖြင့် ၅ ရက်ကြာဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သက်တန်းမှ ဒေသထွက်ပစ္စည်းများဖြင့် လက်ဆေးဆပ်ပြာ၊ ပရုပ်ဆီ၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ မှန်ကြည်ဆေး၊ ကြမ်းတိုက်ပိုးသတ်ဆေး၊ အလှဆီ စသည့် လူသုံးကုန်ပစ္စည်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။

Visitors: 22,168