ကချင်ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဆွမ်ပရာဘွမ်မြို့နယ် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအားတွေ့ဆုံ

ဆွမ်ပရာဘွမ် စက်တင်ဘာ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဒါရှီလဆိုင်း သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဆွမ်ပရာဘွမ်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ(၁၉)ရက် မွှန်းလွှဲ(၂) နာရီက ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသ အတွက် အကျိုးရှိမည့် ဆောင်ရွက်စေလိုသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြစေလိုကြောင်း ၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ဒေသတွင်း အလတ်စား၊ အသေးစား ရွှေလုပ်ကွက်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်လာစေရန် အတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း အစဉ်တစိုက် ဂရုပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် သိလိုသည်များကိုလည်း ပွင့်ပွင့်လင်းလင်းမေးမြန်း စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ဖုန်အင်ယာန်၊ ဖုန်ချန်းကျေးရွာများတွင် ရွှေလုပ်ကွက်များချထားမှုအခြေအနေ၊ ဒေသခံများအနေဖြင့် တောင်ယာခင်းများ ဆောင်ရွက်မှုအခြေအနေနှင့် မိမိတို့ဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ မိမိတို့အတွက် အိမ်များဆောက်လုပ်ရာတွင် သစ်များအသုံးချနိုင်မှုအခြေအနေများကို မေးမြန်းကြရာ သက်ဆိုင်ရာ သတ္တုတွင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီးရှင်းလင်းမှုများအပေါ် ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Visitors: 22,168