မြစ်ကြီးနားမြို့၌ (၃)ရက်တာကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံပြီးဆုံး၍ ဆုံးဖြတ်ချက်များနှင့် တောင်းဆိုချက်များ ထုတ်ပြန်ကြေညာ

မြစ်ကြီးနား စက်တင်ဘာ ၁၉
သတ္တမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ “တရားမျှတမှုအတွက် တိုင်းရင်းမီဒီယာ” (Ethnic Media For Justice ) ဆောင်ပုဒ်ဖြင့် (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ စက်တင်ဘာ (၁၈)ရက်တွင် ညီလာခံနောက်ဆုံးနေ့တွင် ဆွေးနွေးခဲ့မှုများအပေါ် အချက်(၄)ချက်ပါဝင်သော ဆုံးဖြတ်ချက်များနှင့် တောင်းဆိုချက် (၆)ချက်တို့ကို ထုတ်ပြန်ကြေညာခဲ့ကြသည်။
ညီလာခံ (၃)ရက်တာဆွေးနွေးခဲ့မှုများ အပြီးတွင် ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နန်းဖော့ဂေက တိုင်းရင်းသားမီဒီယာမူဝါဒ မူကြမ်းတစ်ခု ပေါ်ထွက်လာရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ရန်၊ တိုင်းရင်းသားဒေသများတွင် ဒေသဆိုင်ရာ သတင်းသမားများ ပိုမိုထွက်လာရေးနှင့် လက်ရှိသတင်း သမားများ အကြောင်းအရာအလိုက် အထူးပြုသတင်းရေးသား ထုတ်လုပ်သွားနိုင်ရေး အရည်အသွေးမြှင့် တင်သွားရန်၊ အရပ်ဖက်အဖွဲ့အစည်းများအပါအဝင် သတင်းအရင်းအမြစ်များနှင့် သတင်းမီဒီယာအကြား တိကျခိုင်မာသည့် သတင်းစီးဆင်းမှု အားကောင်းလာစေရေး ဆောင်ရွက်သွားရန် နှင့်မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးအတွက် သတင်းမီဒီယာများက တိုင်းရင်း သား ပြည်သူများ၏ အသံများကို ထင်ဟပ်စေသည့် သတင်းများကို ပိုမိုရေးသားဖော်ထုတ်သွားမည် ဟူသော အချက် (၄)ချက် ပါဝင်သည့် ဆုံးဖြတ်ချက်များကို သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထိုအပြင်ညီလာခံဆွေးနွေးချက်များအရ သတင်းအချက်အလက်ရပိုင်ခွင့်(Right to Information) ဉပဒေကို အမြန်ဆုံးပြဌာန်းပေးရန်၊ မီဒီယာဥပဒေ၊ နည်းဉပဒေများကို တိုင်းရင်းသားဘာသာဖြင့် ပြန်ဆို ထုတ်ဝေပေးရန်၊ မီဒီယာပံ့ပိုးသူများအနေဖြင့်လည်း ဒေသအခြေစိုက် သတင်းဌာနများအား နည်းပညာ ပိုင်း၊ ဘဏ္ဍာရေးပိုင်း ဆက်လက်ကူညီသွားရန်၊ အစိုးရအနေဖြင့် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်ပြီး မူဝါဒများချမှတ်ကာ သတင်းမီဒီယာများ အပါအဝင် အများပြည်သူ သိရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ ချမှတ်ထားရန်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ပတ်သက်သူ များ၏ အစုအဖွဲ့အသီးသီးတွင် မီဒီယာမူဝါဒများကို တရားမျှတမှုရှိစွာဖြင့် ချမှတ်ပြဌာန်းသွားရန်တို့နှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သတင်းရယူခွင့် အတွက် နယ်မြေနေရာ ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ သွားလာရယူခွင့်ရှိရန် တောင်းဆိုသည့် အချက် (၆)ချက်ကိုလည်း ထည့်သွင်း ထုတ်ပြန် ကြေညာခဲ့ကြသည်။
သုံးရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်၊ သတင်းသမားများ၏ လုံခြုံရေး၊ တိုင်းရင်းမီဒီယာများ၏ရေရှည် တည်တံ့ခိုင်မြဲရေး၊ ကချင်ဒေသတွင်းရှိ ပဋိပက္ခများ၊ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် အများ ပြည်သူအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ စစ်ဘေးရှောင်းစခန်းများမှ ဒေသခံများ၏ အခက်အခဲများ၊ တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းမီဒီယာမူဝါဆိုင်ရာ အကြံပြုချက်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် မီဒီယာအလားအလာများကို အဓိကထား၍ တင်ပြဆွေးနွေးခြင်း များ၊ အကြံပြုခြင်းများနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်တိုင်းရင်းမီဒီယာညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် BNI အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ပြည်နယ် အတွင်းရှိ နိုင်ငံရေးပါတီများ၊ မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်တွင်း/ တိုင်းရင်းသားဒေသအသီးသီးမှ သတင်းမီဒီယာပညာရှင်များ၊ မီဒီယာကွန်ယက်အစုအဖွဲ့များ၊ ဘာသာရေး နှင့် လူမှုအဖွဲ့အစည်းများမှ တာန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှ တာဝန်ရှိသူများက တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Visitors: 22,168