ဟိုပင်မြို့၌ ရွှေပါရမီအရှင်ဆန္ဒာဓိက ဆရာတော်ဦးစီး၍ အထူးကုဆရာဝန်ကြီးများနှင့် (၅)ရက်ကြာ အခမဲ့ဆေးကုသရေးလုပ်ငန်း ဆောင်ရွက်သွားမည်

ဟိုပင် စက်တင်ဘာ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ရွှေပါရမီအရှင်ဆန္ဒာဓိက ဆရာတော်ဦးစီးသည့် အထူးကု ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့မှ အခမဲ့ ဆေးကုသရေးလုပ်ငန်းကို (၅)ရက်ကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။
အဆိုပါအခမဲ့ ဆေးကုသရေး အစီအစဉ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီး ဦးကျော်ကျော်ဝင်း ဦးဆောင်၍ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးရဲအောင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်တို့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များက ဆေးကုသရန် လိုအပ်သူတိုင်း ကုသပေးနိုင်ရေး၊ မြို့လူမှုကူညီရေး အသင်းအဖွဲ့များက မော်တော် ယာဉ်များကူညီဆောင်ရွက်နိုင်ရေး၊ အသေးစားခွဲစိတ်မှုများကို ဟိုပင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်နိုင်အောင် ဆောင်ရွက်ရေးနှင့် အကြီးစားခွဲစိတ်မှုများ ပါလာနိုင်သည့်အတွက် ကြိုတင်ဆောင်ရွက်ထားရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဆေးကုသခံယူမည့် လူနာများ၏ လူနာစောင့်များအား ဧည့်ခံကျွေးမွေးနိုင်ရေး၊ ဧည့်ကြို လုပ်ငန်းနှင့်လူနာများကိုကြိုဆိုရေး၊ လိုအပ်သည့် ဆေးဝါးများလုံလောက်စွာရရှိရေးတို့အပါအဝင် တရားပွဲ ဖြစ်မြောက်ရေးအတွက် လိုအပ်သည်များကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ ရွှေပါရမီအရှင်ဆန္ဒာဓိက ဆရာတော်ဦးစီးသည့် အထူးကုဆရာ၀န်များ ပါဝင်သော အခမဲ့ ဆေးကုသအဖွဲ့သည် ကချင်ပြည်နယ် ဟိုပင်မြို့တွင် ပထမအကြိမ်အဖြစ် ဟိုပင်မြို့ မြို့တော်ခန်းမ၊ ထွေ/အုပ် ခန်းမ၊ မိခင်ကလေးသားဖွားခန်းတို့၌ အောက်တိုဘာ နောက်ဆုံးပတ်တွင် လာရောက်မည် ဖြစ်ပြီး တစ်နေ့ လျှင် လူနာ ၂၀၀၀ ဦးခန့်ကို ၅ ရက်ကြာ အခမဲ့ကွင်းဆင်း ကုသပေးသွားမည်ဖြစ်ကြောင်းနှင့် ရွှေပါရမီ အရှင်ဆန္ဒာဓိက ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
Visitors: 22,168