ဖားကန့်မြို့နယ်၊ လဝါးIDPs(ယာယီ)စခန်းနေ မိသားစုများအတွက် စားနပ်ရိက္ခာတစ်လစာထောက်ပံ့ပေးအပ်

မြစ်ကြီးနား စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာစိန်ပေါလ်ဘုရားကျောင်းဝင်းရှိ ဓမ္မရုံ၌ လဝါးIDPs (ယာယီ)စခန်းနေ မိသားစုများအတွက် စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းနှင့် ဌာနာဆိုင်ရာတာဝန်ရှိသူ များက သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။
ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် လူမှုရေးဝန်ကြီးဦးနေဝင်းက IDPs(ယာယီ)စခန်းရှိ မိသားစု ဝင်များနှင့် ရင်းရင်းနီးနီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါ်လှကေသီမာက ထောက်ပံ့ပေးအပ်မည့်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က လဝါးIDPs(ယာယီ)စခန်းနေ အိမ်ထောင်စု (၄၆)စု၊ လူဦးရေး(၂၀၂)ဦးတို့အတွက် တစ်လစာစားနပ်ရိက္ခာဖြစ်သည့် ဆန်(၆၃)အိတ် (၃)ပြည်၊ ဆီနှင့် ကုလားပဲ(၉၂)ပိဿာစီ၊ ဆား(၄၆)ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၅၁၇၀၅၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး လဝါးIDPs(ယာယီ)စခန်းနေပြည်သူများကိုယ်စား တာဝန်ခံဦးဂျာတူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် လက်ဝါးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နမ္မတီကျေးရွာသို့ ရောက်ရှိကာ အခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်း (၃)ထပ်စာသင်ဆောင်သစ် ဆောက်လုပ်နေမှုနှင့် ဆရာ/ဆရာမ များနှင့်တွေ့ဆုံပြီး ပညာရေးတိုးတက်စေရေး လိုအပ်ချက်များကိုမှာကြားသည်။
Visitors: 22,168