မိုးညှင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံ

မိုးညှင်း စက်တင်ဘာ ၁၆

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ဘဏ္ဍာ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ ပြည်နယ်၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက မိုးညှင်းမြို့ နမီးစုရပ်ကွက်ရှိ စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံ ဖြစ်သောကြောင့် တောင်သူလယ်သမားများအတွက် မရှိမဖြစ် လိုအပ်သည့် ပုံစံ(၇)များ ရရှိရေးကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေပါကြောင်း၊ ယခုနှစ် ဩဂုတ်လအတွင်း တောင်သူ ၇၇၅ ဦး ထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ပေးအပ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ပုံစံ(၇)များ ထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ပြည်နယ်အတွင်း မြေလွတ်မြေလပ် မြေရိုင်းများ အများအပြား ကျန်ရှိနေသေးကြောင်းနှင့် လျှောက်ထား လိုသူများအနေဖြင့် သတ်မှတ်ပုံစံများဖြင့် စနစ်တကျ လျှောက်ထား နိုင်ကြောင်း ပြောကြားသည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာသူများက ကွန်ကရစ်လမ်း ခင်းပေးနိုင်ရေး၊ လျှပ်စစ်မီးတိုင်များ စိုက်ထူပေးရေး၊ ဆည်တည်ဆောက် ပေးရေး၊ ပုံစံ(၇)များ အမြန်ထုတ်ပေးနိုင်ရေး၊ စက်ရေတွင်း တူးဖော်ပေး ရေး၊ ရေကာတာများ တည်ဆောက်ပေးနိုင်ရေး စသည့် ဒေသ လိုအပ်ချက် များကို တင်ပြရာ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အလားတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို မိုးညှင်းမြို့နယ် အတွင်းရှိ ဟိုပင်မြို့ မြို့တော်ခန်းမ၌ ယခုလ(၁၅)ရက်နေ့ နံနက်ပိုင်း က လည်းကောင်း၊ နန့် မွန်းမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်း မ၌ မွန်းလွဲပိုင်းက လည်းကောင်း တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

Visitors: 22,168