တတိယအကြိမ် ကျောင်းရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင့်ရေးတို့အတွက် ဆရာအဖြစ်သင်တန်းထပ်မံဖွင့်လှစ်

မြစ်ကြီးနား စက်တင်ဘာ ၉
ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်မြန်မာတို့ ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ကျောင်းရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (သန့်ရှင်းကြယ်ချဉ်းကပ် နည်း) စီမံကိန်းလုပ်ငန်းကို တစ်ပြည်နယ်လုံးလွှမ်းခြုံစွာဆောင်ရွက်နိုင်ရေးအတွက် တတိယအကြိမ်ဆရာအဖြစ် သင်တန်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ Cartel Hotel ၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက အခြေခံပညာကျောင်း များတွင် ယခုကဲ့သို့ ရေကောင်းရေသန့်ရရှိရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျအရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည့်အတွက် ကလေးများ ၏ကျန်းမာရေးကိုစောင့်ရှောက်ပြီးဖြစ်သည့်အပြင် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်ပိုင်ရှင်များကို ဖန်တီးမွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူးဒေါ်ခင်သန်းနွဲ့က ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးက စီမံကိန်းနှင့် ဆက်စပ်သည့် နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် SDG တွင် ပန်းတိုင် ၆ လုပ်ငန်း အကြောင်းနှင့် ယူနီဆက်မြန်မာ၊ ကချင်ပြည်နယ်မှ ရေသန့်ရှင်းရေးဆိုင်ရာကျွမ်းကျင်ပညာရှင် ဦးအေးဝင်းက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နည်းပညာ၊ အထောက်အပံ့များကူညီပံ့ပိုးပေးနိုင် ခဲ့မှုများအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
တတိယအကြိမ်မြောက် ဆရာအဖြစ်သင်တန်းမှ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေ အနေများနှင့် ပတ်သက်၍ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က“ထပ်မံပြီး အကောင်အထည်ဖော်သွားမှာကတော့ ဆွမ်ပရာဘွမ်မှ ၁၅ ကျောင်း၊ အင်ဂျန်းယန် ၄ ကျောင်း၊ အဲဒါအပြင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ၅၄ ကျောင်းတို့မှာ ထပ်မံအကောင် အထည်ဖော်ဆောင်ရွက်မှာဖြစ် ပါတယ်၊ ယခင်သင်တန်းတွေကနေပြီးတော့လည်း ဆရာအဖြစ် ၁၆၀ ဦးနဲ့ ကျောင်းပေါင်း ၁၀၇ ကျောင်းမှာ အကောင်အထည်ဖော်ဖို့ စတင်နေပြီဖြစ်ပါတယ်” ရှင်းလင်းပြောပြသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းကို ကချင်ပြည်နယ်အတွင်း ၂၀၁၄-၂၀၁၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော် ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်မြန်မာတို့ပူးပေါင်း၍ ရှေးဦးစီမံကိန်း အနေဖြင့် မိုးညှင်းခရိုင် ဟိုပင်ဒေသတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၄ ကျောင်းကို ဆောင်ရွက်ခဲ့ရာ ကြယ်ပွင့်သတ်မှတ်ချက်အရ ကြယ်နှစ်ပွင့်ရကျောင်း ၂၂ ကျောင်းနှင့် ကြည်တစ်ပွင့်ရကျောင်း ၁၉ ကျောင်းထိရှိခဲ့ ကြောင်းနှင့် အလားတူ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း ဖွင့်လှစ်ခဲ့သော ဆရာအဖြစ်သင်တန်းတွင် ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်မှ ပညာရေးဝန်ထမ်းများအားစေလွှတ်၍ ဆွေးနွေးစေခဲ့ကြောင်း သိရှိရသည်။
Visitors: 20,042