ကချင်ပြည်နယ်ဝန်ကြီးချုပ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲဝင် ဆုရကျောင်းသား/သူများအား ဆုများတက်ရောက်ချီးမြှင့်

မြစ်ကြီးနား စက်တင်ဘာ ၈
ကချင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင် ဒေးရှင်း၊ ပြည်နယ်အခြေခံပညာရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကချင်ပြည်နယ်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ပြိုင်ပွဲဝင် ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ယနေ့ ကျင်းပခဲ့သည့် ပွဲတော်သည် ကလေးများနှင့် လူငယ်တွေအတွက် စာအုပ်စာပေနှင့် ရင်းနှီးထိတွေ့စေပြီး ပွဲတော်တွင် ပါဝင်သည့် အစီအစဉ်တွေ၊ ပြိုင်ပွဲတွေနှင့်ကစားပွဲများသည် ကလေးများအတွက် ကာယဉာဏနှစ်မျိုးလုံး တွင် ထူးချွန်လာစေမည်ဖြစ်ကြောင်း၊ ထို့အပြင် ကလေးများအတွက်သာမက မိဘတွေကိုပါ သားသမီး များအတွက် ကျောင်းစာတွင်သာမက အခြားလိုအပ်ချက်များကို မီးမောင်းထိုးပြပေးနိုင်ခဲ့ကြောင်းကို ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ကျင်းပပြုလုပ်ခဲ့သော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ စာဖတ်စွမ်းရည်၊ ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသား/သူ များနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွဲတော်အတွင်း ကချင်ပြည်နယ်ဓာတ်ပုံအသင်းမှ ပြသထားသည့် ပြည်နယ်ရှုမျှော်ခင်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓာတ်ပုံပြခန်းအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများအား စာပေရင်းနှီးပြီး စာဖတ်ရှုခြင်းအလေ့အထများဖြစ်ပေါ်လာစေရန် စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ပန်းချီ၊ ကျပန်းစကားပြော၊ ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအပြင် ကလေးအချင်းချင်းပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အထများဖြစ်ပေါ်စေသည့် ကစားနည်းပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်းနှင့် စာအုပ်/စာစောင်များကို ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
Visitors: 21,133