ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်အားပေး

မြစ်ကြီးနား စက်တင်ဘာ ၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ ကချင်ပြည်နယ်တက္ကသိုလ်ဝင် စာမေးပွဲ ပညာရည်ချွန်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပြုလုပ် လျက်ရှိရာ အဆိုပါအခမ်းအနားများကျင်းပနေမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
၂၀၁၉ခုနှစ်၊ကချင်ပြည်နယ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က တက္ကသိုလ်ဝင်စားမေးပွဲတွင် ကချင်ပြည်နယ်၏ အောင်မြင်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက္ကသိုလ်ဝင်စားမေးပွဲတွင် ဝိပ္ပံဘာသာတွဲတွင် နိုင်ငံတော်အဆင့် ဒုတိယနှင့် တတိယ ဆုရကျောင်းသားများနှင့် ပြည်နယ်အဆင့် ဘာသာတွဲအလိုက် ဆုရကျောင်းသား/သူများ၊ ဂုဏ်ထူးရကျောင်း သား/သူများနှင့် မြို့နယ်အလိုက် အောင်ချက်အကောင်းဆုံးကျောင်းများ၊ အောင်ချက်အများဆုံးရ ကိုယ်ပိုင် ကျောင်းများနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံးထွက်ရှိအောင် စွမ်းဆောင်နိုင်သော ဆရာ/ ဆရာမ များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းချုပ်နှင့်အစိုးရ အဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက် များဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပလျက်ရှိသော ကချင်ပြည်နယ်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကျောင်းသား/သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အသင်းအဖွဲ့ဖြင့် စုပေါင်းလုပ်ဆောင်တတ်စေရန် ကစား နည်းများဖြင့် ထည့်သွင်းကျင်းပပေးနေမှု၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုနှင့် အေးမြ သီတာခန်းမ၌ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပနေမှုကို တက်ရောက်အားပေးကြည့်ရှုခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြပြီး ၈.၉.၂၀၁၉ ရက်နေ့အထိ အဆိုပါအထက်တန်းကျောင်း၌ ကျောင်းသား/ သူများအတွက် ပြိုင်ပွဲ များ၊ ကစားနည်းများနှင့် စာအုပ်/ စာစောင်များ ရောင်းချသည့် ဆိုင်ခန်းများဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိ ကြောင်းသိရှိရသည်။
Visitors: 21,134